နေကျယ်ဝန်း

သီးခြားခေါင်းစဉ် အောက်က သီးခြားလူ

ကျောင်းချိန် စောသေးတာနဲ့ ကျောင်နားက လက်ဖက်ရည်ဆိုင်မှာ ချိုဆိမ့်တစ်ခွက်လောက်သောက်ဦးမှဆိုပြီး ဝင်ထိုင်လိုက်ရော။
ထိုင်လျှင်ထိုင်ချင်းပဲ စားပွဲထိုးက
“အစ်ကို ဘာသောက်”
“ချိုဆိမ့် ရှယ်”
ကျွန်တော့်ရှေ့က စားပွဲကို ဝတ်ကြေတန်းကြေ သုတ်ပေးပြီး ချိုဆိမ့်ဝမ်း ရှယ် လို့အော်ပြီးထွက်သွားတယ် ။
( အစက ခြောက်နေတဲ့ စားပွဲက သူ့ စိုစိစိအဝတ်ညစ်ညစ်ကြီးနဲ့သုတ်လိုက်မှ သစ်သားဆွေးနံ ထောင်းခနဲ ထွက်လာတယ် ။ )
ဒီဆိုင်မှာ ရယ်ဂူလာ သောက်နေကျ မဟုတ်ပေမယ့် ကျောင်းစောချိန် လက်ဖက်ရည် ဆာ ချိန်တိုင်း လိုလို သောက်ဖြစ်တယ် ။
ခဏလောက်ကြာတော့ ခုနက စားပွဲထိုးက လက်ဖက်ရည်လာချပေးတယ် ။
လက်ဖက်ရည်ကို မွှေ ။ ဇွန်းကို ချ ။
တထောင်းထောင်းထနေတဲ့ အငွေ့တွေကို မမှုတ်ခင် နှာခေါင်းနဲ့တေ့ပြီး ရူကြည့်သေးတယ် ။
(ဘယ်တုန်းက ဘယ်သူ့ဆီက ကူးလာမှန်းမသိတဲ့ ကျွန်တော့်အကျင့် အစာမစားခင် အနံ အရင် ခံကြည့်တာ)
နောက်တော့ နဲနဲမှုတ်ပြီး တစ်ငုံသောက်လိုက်တယ် ။
နဲနဲပုံမမှန်ဘူး ။ မသေချာတာနဲ့ နဲနဲထပ် သောက်ကြည့် ။
ချိုတာမှ ခါးတဲ့ဘက်တောင်ရောက် နေသလိုပဲ ။
အဲဒါနဲ့ စားပွဲထိုးကို လှမ်းပြီး
“ကျွန်တော်မှာတာ ကျောက်ပဒေါင်းဟုတ်ဘူးဗျ”
အဲတော့ အဖျော်ဆရာက မျက်မှောင်ကြီးကြုတ်ပြီး
“ငါဖျော်တာလည်း ကျောက်ပဒေါင်းမဟုတ်ပါဘူးကွ” လို့ဝင်ပြောတယ် ။
“ကျောက်ပဒေါင်းမဟုတ်ရင် လာသောက်ကြည့်ဦး ဒီမှာ တစ်ခွက်သောက်တာနဲ့ ဆီးချိုဖြစ်လောက်တယ်”
အဲဒီတော့မှ စားပွဲထိုးက
“ဟိုဟာ အစ်ကို ဆိုင်ရှင်က နို့ဆီပြောင်းသုံးတယ် ဒီနေ့ကစပြီး။ အရင်နို့ဆီမဟုတ်တော့ အဖျော်ဆရာ နဲနဲ အချိန်အဆ လွဲသွားတာနဲ့ တူတယ်” လို့ ဝင်ဖြေတယ်။
ကျွန်တော်လည်း ထပ်မပြောချင်တော့တာနဲ့ အကျရည် နဲနဲထပ်ထည့်ခိုင်းလိုက်တယ် ။
အဖြော်ဆရာက အဲဒါကို မထည့်ချင် ထည့်ချင်နဲ့ စားပွဲထိုးကို ပြောသလို
“မင်းတို့စားပွဲထိုးတွေ မနေ့တစ်နေ့က မှ လက်ဖက်ရည်စသောက်ပြီးများ အချိန်အဆလိုတယ်လေးဘာလေးနဲ့ ချစ်နိုင် နော် ဖျော်စားလာတာ ဒီမှာကြည့် အံတိုနေပြီ” ဘာညာဆိုပြီး မကြားတကြား ကိုယ်ရည်သွေးရော ။
လက်ဖက်ရည်ဖျော်စားတာနဲ့ အံတိုတာ ဘာမှတော့မသက်ဆိုင် သူ့အံတိုတာ သွားပိုးစားလို့ တိုတာပေါ့ လို့ပြောချင်လာပေမယ့် စောစောစီးစီး ရန်မဖြစ်ချင်တာနဲ့ မကြားချင်ယောင်ဆောင်နေလိုက်တယ် ။
အဲဒါနဲ့ပဲ လက်ဖက်ရည်ကို ခပ်သွက်သွက်လေးသောက်ပြီး ကျောင်းဘက်ဆီ ထွက်လာလိုက်တယ် ။

ကျောင်းရောက်တော့ ပထမဆုံးအချိန်မှာပဲ ပြဿနာက တက်ပြီ ။
အတန်းပိုင်ဆရာက “မနေ့ က တွက်ခိုင်းလိုက်တဲ့ အိမ်စာတွေ စားပွဲပေါ်လာထပ် မပြီးသေးတဲ့လူတွေ မတ်တပ်ရပ်”
အတန်းပိုင်ဆရာက အရိုက်ကြမ်းတဲ့လို့ကျောင်းသားတိုင်း သူ့စာဆို ပြီးအောင်လုပ်ကြတယ် ။
ကျောင်းမှာဆို သူက ရိုက်တဲ့နေရာမှာ နာမည်ကြီးတယ် ။
တခြားအခန်းက အပြစ်ကြီးကြီးတွေလုပ်တဲ့လူတွေဆိုရင် ကျွန်တော်တို့ ဆရာကို ငှားပြီး ရိုက်ခိုင်းတာတွေတောင်ရှိတယ် ။ အဲလောက်ထိ ။
အဲတော့ ကျောင်းသားတိုင်း သူ့စာဆိုပြီးအောင်လုပ်ကြတယ် ။
ကျွန်တော်လည်းပြီးအောင်လုပ်တယ် ။
ဒါပေမယ့် ဒီနေ့ ကျမှ သူ့အိမ်စာ စာအုပ်ကို ညကတွက်ပြီး လွယ်အိတ်ထဲ ပြန်မထည့်မိဘူး ။
အိမ်မှာမေ့ကျန်ခဲ့တယ်ပြောလည်း ယုံမှာမဟုတ်ဘူးလေ ။
လိမ်တယ် ဆိုပြီးတောင် ပိုဆော်ချင်ဆော်ဦးမှာ ။
မတတ်နိုင်ဘူး မပြီးသေးဘူးပြောပြီးပဲ အရိုက်ခံရတော့မှာပေါ့ ။
မနာအောင် ဖင်ကို တောင်ကြိုပွတ်ထားမိသေးတယ် ။
တစ်တန်းလုံး ကျွန်တော် တစ်ယောက်ထဲမတ်တပ်ရပ်နေတာ ။
ကျောင်းသားတွေ အားလုံး စာအုပ်ထပ်ပြီး ကိုယ့်နေရာ ကိုယ်ထိုင်ပြီး မှ ဆရာက stage ပေါ်က
“မင်းက ဘာလို့မလုပ်လာတာလဲ” လို့လှမ်းမေးတယ် ။
“ဗျာ ဟိုဟာလေ မေ့သွားလို့ ”
“အေး မေ့သွားရင် တံခါးနားက တုတ်သွားယူလာခဲ့” ဆိုပြီး ဆရာပုဆိုးကို တိုတိုပြင်ဝတ်တယ် ။
ပုဆိုးတောင်ပြင်ဝတ်တယ်ဆိုတော့ ဈေးဦးပေါက်မို့ အဆစ်ပါပေးချင်တယ် ဆိုတဲ့ သဘောကြောင့် အာခေါင်တောင် ခြောက်လာတယ် ။
မတတ်နိုင် လာမယ့်ဘေး ပြေးတွေ့ပေါ့ ဆိုပြီး တုတ်ကို ယူ stage ပေါ်တက်ပြီး ကျွန်တော်လည်း ပုဆိုးပြင်ဝတ်လိုက်တယ် ။
အတန်းပိုင်ဆရာက ရိုက်ရင် ကြိမ်လုံးနဲ့ မရိုက်တတ် သစ်သားပြားနဲ့ပဲရိုက်တတ်တယ် ။
“မနေ့က တွက်ခိုင်းလိုက်တာ ဘယ်နှပုဒ်လဲ”
တစ်ခန်းလုံးတိတ်နေတယ်။
“ရှစ်ပုဒ်ပါ”(ရှစ်ကို english သံမပါအောင် ထိန်းပြောရသည်။ တော်ကြာ သူ့ ဆဲပါတယ်ဆိုပြီး ပိုအပြစ်ကြီးနေမှာလေ)
“ဒါဆို ဘယ်နှချက်လဲ”
“ရှစ်ချက်”
“မတ်မတ်ရပ်” ဆိုပြီး သူ့အကျီ င်္လက်ကိုပင့်ပြီး
ဖြောင်း တစ်ချက်
ချက်ကောင်းကိုထိတယ်။ ( ချက်ကောင်းဆိုသည်မှာ တင်ပါး နှစ်ဖက်လုံးကို ထိခြင်းကို ဆိုလိုသည် )ကျွန်တော်လည်း နာတာနဲ့ ကိုယ်ကို နဲနဲ မသိမသာလေး စောင်းလိုက်တယ် ။
နှစ်ဖက်လုံး နာမှာထက်စာရင် တစ်ဖက်ထဲနာမှာက ပိုသက်သာတယ်မလား ။
ဖြောင်း
ခုနကလောက်မဟုတ်ပေမယ့် နှစ်ဖက်လုံးထိနေတုန်းပဲ ။
နောက်ထပ်ကိုယ်ကို နဲနဲလေး ထပ်စောင်း ဆရာကတော့မရိပ်မိ
ဗြောင်း
လက်ဆပြင်းသွားလို့ မြည်သွားတဲ့အသံမဟုတ်ပါ ။
ကျွန်တော် ကိုယ်စောင်းတာ နဲနဲလွန်သွားလို့ တင်ပါးဆုံရိုးနဲ့ ထုတ်နဲ့ ထိပြီး ကျိုးသွားတဲ့ အသံဖြစ်ပါတယ် ။
အတန်းသားတွေ အို ခနဲ ဟင် ခနဲ ဖြစ်သူကဖြစ် ခစ် ခနဲ ခွိ ခနဲ ရယ်သူကရယ်နဲ့ ဖြစ်သွားကြတယ် ။
ဆရာကလည်း သူ့လက်ဆများပြင်းလားဆိုတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို စူးစမ်းကြည့် ကြည့်တယ် ။
ကျွန်တော် ရုပ်ကတုတ်ကျိုးအောင်ရိုက်မလို့ နာနေတဲ့ အနာမျိုးလောက်မဟုတ်တော့ ကျိုးသွားတဲ့တုတ်နဲ့ ကျန်ရှိနေသေးတဲ့ အပုဒ်ရေကို ရိုက်ဖို့ ကောက်တယ် ။
၂ ပေခွဲလောက်ပဲရှိတဲ့တုတ်က ထက်ပိုင်းကျိုးသွားတာဆိုတော့ ဘယ်အပိုင်း ကမှ ကောင်းကောင်းရိုက်လို့မရဖြစ်နေတယ် ။
ဆရာ့မှာလည်း တုတ် စပယ်ယာက မရှိတော့ ဈေးဦးပေါက် အတန်ကြီးမအမ်းနိုင်လို့ မဝယ်သွားခံရတဲ့ ဈေးသည်လို ဖြစ်သွားတယ် ။
လက်နဲ့ ရိုက်ဖို့ကလည်း newton law ကိုသိထားလို့ မရိုက်ဘူး ။ လုံးဝ ။
နောက်တော့ ဆရာလည်း စိတ်လျော့လိုက်တဲ့ပုံစံ နဲ့
“မင်းကံကောင်းသွားတယ်။ သွားထိုင်တော့” ဆိုပြီး ပြန်လွှတ်လိုက်တယ် ။
ကျွန်တော့်စိတ်ထဲမှာတော့ ဆရာ
“ငါ ရိုက်စားလာတာ အံတိုနေပြီ တခါမှ တုတ်မကျိုးဖူးပါဘူး” လို့ ပြောမလားလို့ စောင့်ပြီး ပြုံးမိသေးတယ် ။

========================================================
a bad workman blames his tools.
အကမတတ်တော့ ဖျာအပြစ်တင်သည်။

[ အပ်ချုပ်သည် တော်ပါသော်လည်း အပ်ကျိုးဖြင့်တော့ မချုပ်နိုင်ချေ ။ ]

========================================================




edit post

0 Reply to "ကျွန်တော်နှင့် ဖျာမပါသော အကသည်"

Post a Comment