နေကျယ်ဝန်း

သီးခြားခေါင်းစဉ် အောက်က သီးခြားလူ

“ ..... ” (3)

11:04 PM by , under

ဟိုး ဟိုး ရှေး ရှေး ရှေး လူတွေတောင်မဖြစ်သေး ကမ္ဘာကြီးတောင်မရှိသေးတဲ့ အချိန်တုန်းက မြင်းမိုရ်လို့ အမည်ရှိရတဲ့ တောင်ကြီးမှာ အလွန်တရာတန်ခိုးကြီးမားတဲ့ နတ်မင်းကြီးလေးပါးစံမြန်းနေထိုင်ပြီး နတ်လောကကို အုပ်ချုပ်နေတယ် ။
အဲဒီနတ်မင်းကြီးလေးပါးရဲ့ တရားမျှတစွာ အုပ်ချုပ်မှုကြောင့် နတ်ပြည်က စည်ပင်ဝပြောနေပြီး နတ်ဦးရေလည်းတစတစတိုးပွားလာတယ် ။
အဲဒီတော့ နတ်တို့ အပန်းဖြေစခန်း ဖြစ်တဲ့ မြကန်ဥယျာဉ်ကလည်း နတ် အရေအတွက်များပြားလာတဲ့အတွက်ကြောင့် တဖြည်းဖြည်းညစ်ညမ်း ရှုပ်ပွလာတယ် ။
နတ်မင်းကြီးလေးပါးကလည်း နေ့စဉ်နေ့တိုင်း နားရက်မရှိ နတ်တို့ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ဖြေရှင်းနေရတာကို တဖြည်းဖြည်းပျင်းရိလာကြတယ် ။
အဲဒါကြောင့် နတ်မင်းကြီး တစ်ပါးကနေ စပြီး အကြံထုတ်တယ် ။
အဲဒီ အကြံ ကပြိုင်ပွဲတစ်ခု ပြုလုပ်ပြီး သူတို့လေးဦးထဲက တန်ခိုးကြီးဆုံးသူကို နတ်တို့ဘုရင်ခန့်ဖို့ပဲ ။
ဘယ်လိုမျိုးကို ပြိုင်ကြမှာလဲဆိုတော့ လတ်တလော ပြဿနာဖြစ်တဲ့ ညစ်ညမ်းနေတဲ့ မြကန်ကိစ္စလည်းဖြေရှင်းပြီးဖြစ်သွားအောင် မြကန်လိုမျိုး သာယာတဲ့ ဥယျာဉ်တစ်ခုကို ကိုယ်တွေရဲ့ စိတ်ကူး စိတ်သန်းနဲ့ အလှဆုံးဖြစ်အောင် ဖန်ဆင်း အသာယာဆုံးဖြစ်အောင် ဖန်တီးနိုင်သူကို တန်ခိုးအကြီးဆုံးလို့သတ်မှတ်ပြီး နတ်ဘုရင်ခံအပ်မှာတဲ့ ။
တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတဲ့ သဘောနဲ့ပေါ့ ။
အဲဒီပြိုင်ပွဲကို အဆုံးအဖြတ်ပေးဖို့ဆိုပြီး လောကပါလ အမည်ရှိနတ်တစ်ပါး ကို အကူအညီတောင်းကြတယ် ။
အဲဒီအခါမှာ လောကပါလနတ်က ပြိုင်ပွဲရက် ဖန်ဆင်းဖို့ အချိန်ကို ၆ ရက်သတ်မှတ်၍ ပြိုင်ပွဲကို စတင်လိုက်ကြတယ် ။
အရင်ဦးဆုံး နတ်မင်းလေးပါးက သူတို့ စံမြန်းကြတဲ့ မြင်းမိုရ်တောင်ကို အလယ်ထားပြီး မြေပြန့်ကြီး တစ်ခုဆီကို ဖန်ဆင်းလိုက်ကြတယ် ။
အဲဒီနောက် နတ်မင်းလေးပါးလည်း သူတို့ စိတ်ကူး စိတ်သန်းနဲ့ အလွန်တရာ ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်တွေ အလွန်တရာ မွှေးကြိုင်လှတဲ့ ပန်းမံသစ်ပင်တွေ အလွန်တရာ လှပတဲ့ မြစ်ချောင်းအင်းအိုင် ရေတံခွန်တွေကို သူ့ထက်ငါ အပြိုင်ဖန်ဆင်းကြတယ် ။
အဲလို ဖန်ဆင်းတဲ့အခါ မြေပြန့်တစ်ခုကတစ်ခုကို ဖန်ဆင်းထားတဲ့ တိရိစ္ဆာန်တွေ ကူးခတ်သွားကြမှာကို စိုးပြီး ရေတွေနဲ့ကာရံထားလိုက်ကြတယ် ။
အဲဒီလိုနဲ့ မြေပြန့်လေးခုကနေပြီး ကျွန်းကြီးလေးခုဖြစ်သွားကြတယ်။
အဲဒီလိုပဲ တိရိစ္ဆာန်တွေ မြင်းမိုရ်တောင်ပေါ်ကို ကျူးကျော်မတက်လာအောင် အားကြီးတဲ့ Altas လို့အမည်ရှိတဲ့နတ်ကို မြင်းမိုရ်တောင်ကို ခဏအနေနဲ့ ပင့်မထားခိုင်းလိုက်တယ် ။
အမှန်က Hercules ကို အကူညီတောင်းမလို့ပါ ။ ဒါပေမယ့် ရှာမတွေ့တာနဲ့ Altas ဘက်လှည့်သွားကြတယ် ။ ( နောက်မှ သိရတာက အဲဒီအချိန်တုန်းက Hercules က Prometheus ကို သွားကယ်နေတာတဲ့လေ )
အဲဒီလိုနဲ့ နတ်မင်းလေးပါးက သူတင် ငါတင် ဖန်ဆင်းကြတယ် ။
နတ်မင်းတစ်ပါးကတော့ သူဖန်ဆင်းတဲ့ တောင်ဘက်က မြေပြန့် (ကျွန်း) ကို မှော်ဥယျာဉ် တစ်ခု လိုဖန်ဆင်းတယ် ။
ပြီးတော့ အဲဒီ ကျွန်းရဲ့ အလယ်မှာ လုပ်တိုင်းမဖြစ် ဖြစ်တိုင်းမလုပ်တဲ့ အကြောင်းတရားတွေ ။
အလွန်တရာ သိမ်မွေ့နက်နဲတဲ့ ပဟေဠိတွေ တွေ ရောပြွမ်းနေတဲ့ အဆိပ်အပင်တစ်ပင်ကို ဖန်ဆင်းတယ် ။
အဲဒီအပင်က ဘယ်သူတွေအတွက်အကျိုးရှိမလဲတော့ မသိဘူး နတ်တွေအတွက်တော့ အင်မတန် အန္တရာယ်များတဲ့ အပင် ။
သူဘာကဘယ်လိုစိတ်ကူးရပြီး ဖန်ဆင်းခဲ့တာလဲ သူ့ကိုယ်သူတောင် သတိမထားမိလိုက်ဘူး ။
ဖန်ဆင်းပြီးသွားတော့မှ ပြိုင်ပွဲဝင်တုန်းပဲ ထားပြီး ပြီးရင် ပြန်ဖျက်ပစ်မယ်ဆိုတဲ့ စိတ်ကူးတယ် ။
အဲဒီအပင်ကို တခြား တိရိစ္ဆာန်တွေ လာရောက်ဖျက်ဆီးကျမှာ စိုးပြီးတော့ အလွန်အဆိပ်ပြင်းတဲ့ နတ်မြွေတစ်ကောင်ကို ဖန်ဆင်းပြီး အစောင့်အဖြစ်ထားတယ် ။
တောင်ကျွန်းဖန်ဆင်းရှင်နတ်မင်းက သူဖန်ဆင်းတဲ့ တောင်ကျွန်းကို ဧဒင် ဥယျာဉ် ( နတ် ဘာသာနဲ့ဆို ညီတော် မြကန် ) လို့တောင် အမည်ပေးထားလိုက်သေးတယ် ။

၆ ရက်ပြည့်တဲ့အခါ နတ်မင်းတွေ မြင်းမိုရ်တောင်ကိုပြန်တက်လာကြတယ် ။
အဆုံးအဖြတ်ဒိုင်အဖြစ်တာဝန်ယူရသော လောကပါလ နတ်မင်းက ၇ မြောက်တဲ့နေ့မှာ တိမ်တိုက်တစ်ခုပေါ်ကနေပြီး ကျွန်လေးကျွန်းကို လှမ်းကြည့်လိုက်တယ် ။
( မှတ်ချက် ။ နတ်ပြည်တွင် နတ်သုဒ္ဓါ သာ စားကြသည်။ ခေါက်ဆွဲမစားပါ ။ )
ဘာမှမမြင်ရ အမှောင်အတိ ဖြစ်နေတယ် ။
ဘာလို့လဲဆိုတော့ လောကပါလနတ်မင်းက ပြိုင်ပွဲဝင်နတ်မင်းလေးပါးထက် တန်ခိုးနိမ့်တယ်လေ ။
အဲဒါကို ရိပ်စားမိတဲ့ နတ်မင်းတစ်ပါးက အလင်းဖြစ်စေ လို့ ဆိုလိုက်ရာ စကြာဝဠာတစ်တိုက်လုံး မျက်လုံးကြိမ်းစက်သွားလောက်အောင် လင်းလက်သွားတယ် ။
( တချို့တွေက Helius ကို သွားခေါ်တယ်လို့ ပြောကြပါတယ် )
အဲဒီအခါမှ လောကပါလနတ်က ကျွန်းလေးကျွန်းကို အကဲခတ်တယ်။
အပေါ်စီးမှကြည့်တာမို့လို့ ကျွန်လေးကျွန်းက သူလို ငါလို ပဲ အပြိုင်ကြဲနေကြတယ် ။
အနိုင်အရှုံးကို တိတိကျကျ ဝေခွဲမရဖြစ်နေတယ် ။
အဲဒါနဲ့ပဲ ပြိုင်ပွဲဝင် နတ်မင်းလေးပါး ဘက်လှည့်ပြီး သေချာစစ်ဆေးဆုံးဖြတ်ဖို့ နတ်လွှတ်အကဲဖြတ်ရမယ်လို့ ပြောလိုက်တယ် ။
နောက်တော့ သူ့လက်အောက်က ဗြမ္မာ ၄ ဦးကို ခေါ်လိုက်တယ် ။
ခေါ်ပြီးတော့ တစ်ဦးကို တစ်ကျွန်းစီ စေလွှတ်လိုက်တယ် ။
အဲဒီလို ဗြမ္မာ ၄ ဦး ကျွန်းပေါ်ဆင်းသက်ခါနီး မှာ တောင်ကျွန်းကို ဖန်ဆင်းတဲ့ နတ်မင်းကြီးကတောင်ကျွန်းကို သွားမယ့် ဗြမ္မာကို
သင်သည် ထိုဥယျာဉ်၌ရှိသောအသီးအားလုံးကို စားရသော အခွင့်ရှိသည် ။ ထိုအပင်မှ အသီးကိုမူ မစားရ ဟု တီးတိုးမှာကြားလိုက်တယ် ။
အဲဒီလို အဲဒီလိုနဲ့ ဗြမ္မာ ၄ ဦး မြေပြင်ပေါ်သို့ သက်ဆင်းခဲ့ကြတယ်။

အဒမ်လို့ အမည်ရသော ဗြမ္မာ တောင်ကျွန်းခေါ် ဧဒင်ဥယျာဉ် ပေါ်ကို ခြေချမိလိုက်တာနဲ့ တခါတည်း အလွန်မွှေးတဲ့ ရနံ့ တစ်ခု နှာခေါင်းတွင်းကိုဝင်လာတယ် ။
အဲဒီရနံ့ရှိတဲ့ဘက်ကို သွားကြည့်မယ်လို့ ခြေလှမ်းပြင်လိုက်တုန်းမှာပဲ ခေါင်းပေါ်မှ
ငှက်တစ်အုပ်ပျံသန်းသွားတယ် ။
အဲဒီငှက်တွေက ဘယ်လိုမျိုးငှက်တွေလဲဆိုတာ လိုက်ကြည့်မယ်လို့ ကြံစည်လိုက်ရင်ပဲ သူ့ဘေးကနေပြီး ဒရယ်တအုပ် ဖြတ်ပြေးသွားကြပြန်တယ် ။
အဲဒီလိုနဲ့ ဟိုနောက်လိုက်ရနိုး ဒီနောက်လိုက်ရနိုး ဟိုကြည့်ဒီကြည့်ဖြင့် ဥယျာဉ်ရဲ့ အလယ်ကိုရောက်မှန်း မသိရောက်သွားတယ် ။
ဟိုယောင် ဒီယောင်နဲ့ အချိန်ကလည်း တော်တော်ကလေးကုန်နေပြီ ။
အခုထိ ဘာတစ်ခုမှ မယ်မယ်ရရ ကြည့်ရှုမှတ်သားထားတာ မရှိသေးဘူးဆိုတာကို သတိရသွားတော့ အချိန်မှီ စစ်ဆေးပြီးစီးအောင် ကိုယ်ပွားတစ်ယောက်ကို ဖန်ဆင်းလိုက်တယ် ။
အဲလို ဖန်ဆင်းရာမှာ အဒမ်က သူနဲ့ ထပ်တူ ထပ်မျှတူအောင်ဆိုပြီး ဘယ်ဘက်နံရိုးတစ်ချောင်းထုတ်ပြီး ဖန်ဆင်းလိုက်တယ် ။
အဲဒီ ကိုယ်ပွားကို ဧဝ လို့ အမည်ပေးပြီး ဥယျာဉ်ရဲ့ အနောက်ခြမ်းကို တာဝန်ယူစစ်ဆေးဖို့ တာဝန်ပေးအပ်လိုက်တယ် ။
အချိန်တစ်ခု သတ်မှတ်ပြီး ဒီနေရာမှာပဲ ပြန်တွေ့ကြမယ်ဆိုပြီး အဒမ်လည်း အရှေ့ခြမ်းကို မှတ်သားဖို့ ထွက်လာခဲ့လိုက်တယ် ။
ဗြမ္မာ အဒမ် ထွက်သွားတဲ့ အခါ သူရဲ့ ကိုယ်ပွား ဧဝက ပတ်ဝန်းကျင်ကို စတင် အကဲခတ်တယ် ။
ဥယျာဉ်အလယ်က စပြီး အနောက်ခြမ်းဘက်ကို ဦးတည်ပြီးစတင်မှတ်သားလာခဲ့တယ် ။
ဒီပန်းက ဘယ်လိုပုံရှိပြီး ဘယ်လိုမျိုးမွှေးတယ် ။
ဒီတိရိစ္ဆာန်က ဘယ်လိုသဏ္ဍာန်ရှိပြီး ဘယ်လို ဘယ်လို ။
ဟိုနေရာမှာ ဟိုဟာကြီးရှိပြီး ဟိုလို ဘာညာ နဲ့ ပုရပိုက်ပေါ်တွင် မှတ်သားတယ် ။
သတ်မှတ်ထားတဲ့အချိန်ကို ကပ် မှတ်သားထားတာတွေလည်းတော်တော်လေး စုံလင်သလောက်ဖြစ်နေပြီလို့ ထင်လို့ ဧဝလည်း အာဒမ်နှင့် ချိန်းဆိုထားတဲ့နေရာ ဥယျာဉ်ရဲ့ အလယ် ကို ပြန်လာခဲ့တယ် ။
ဥယျာဉ်အလယ်က အပင်နားကို ရောက်လည်း ရောက်လည်း ရောက်ရော ရူးရူးရှားရှားအသံကြားလို့ လှည့်ကြည့်မိလိုက်တယ် ။
အဲဒီအခါ အပင်ပေါ်ကမြွေကို တွေ့သွားလေသည် ။
မြွေကိုတွေ့သလိုပဲ အဲဒီ အပင်မှာသီးနေသော တစ်လုံးထဲသော အသီးကိုလည်းတွေ့သွားတယ် ။
အဲဒီအသီးက ဧဝ တွေ့ဖူးသမျှ မှတ်သားလာခဲ့သမျှ အသီးတွေထဲမှာ အဆင်းအလှဆုံး အသီးဖြစ်နေတယ် ။
ရနံ့အမွှေးဆုံးအသီးဖြစ်နေတယ် ။
အဲဒီ အသီးကိုကြည့်ရင်းကြည့်ရင်း ဧဝလည်း အရသာမြည်းစမ်းချင်စိတ်တွေ တဖြည်းဖြည်း ဖြစ်လာတယ် ။
အဲဒါနဲ့ပဲ အပင်နားသို့သွားပြီး အသီးကို ခူးမယ် အလုပ်မှာ အပင်ပေါ်က မြွေက ပေါက်မလို့လုပ်တယ် ။
အဲဒီအပင်မှာ အစောင့်အကြပ် မြွေရှိနေတာမို့ အဲဒီအပင်ကို အရင်ကထက် ပိုပြီး စိတ်ဝင်စားသွားတယ် ။
အဲဒါနဲ့ အဒမ်ကို တင်ပြ ဖို့ဆိုပြီး ပုရပိုက်ပေါ်မှာ တသီးတသန့်ရေးမှတ်လိုက်တယ် ။
အဲဒီနောက် မြွေကို နတ်တန်ခိုးနဲ့ အဝေးကို မောင်းထုတ်လိုက်တယ် ။
ပြီးတော့ အဲဒီအပင်က အသီးကို ဆွတ် ခူး ပြီး ..... ။

အဒမ် သတ်မှတ်ထားတဲ့အချိန်နီးလို့ ဥယျာဉ်အလယ်ကို ကတိုက်ကရိုက်ပြန်လာတယ် ။
သူဥယျာဉ်အလည်နားရောက်တော့ ဧဝက ရောက်နှင့်နေပြီ ဘာရယ်တော့ မဟုတ်ဘူး သူမစောင့်ရဘူးဆိုပြီးတော့ တော့ ပျော်သွားတာပေါ့ အဲဒါနဲ့ အမောဖြေလေး အေးအေးလေးလျှောက်လာလိုက်တယ် ။
အဲဒီအချိန်မှာ ဧဝက ယိုင်လဲသလိုလိုဖြစ်သွားတယ် ။
ပြီးတော့ လက်ထဲက ပုရပိုက်တွေနဲ့ အသီးလည်းပြုတ်ကျသွားတယ် ။
အသီးပြုတ်ကျသွားတာလည်းတွေ့ရော အာဒမ် စိတ်ပူသွားတယ် အဲဒီအပင်က အသီးကိုများ ဧဝ စားမိသွားပြီလားဆိုပြီးတော့ ။
အဲဒါနဲ့ ဧဝဆီ အပြေးတပိုင်းသွားကြည့်တယ် ။
ဧဝကတော့ ပတ်ဝန်းကျင် တစ်ခုလုံး ဘာမှ မမြင်တော့သလိုနဲ့ ခေါင်းကို ကိုင်ပြီး မြေကြီးပေါ်ထိုင်ချလို့ ။
အဒမ်လည်း တန်ခိုးရှိတာက ရှိတာပဲ ဒါပေမယ့် ဘာလို တန်ခိုးနဲ့ ဧဝကို ပြန်ကောင်းအောင် လုပ်ပေးရမှန်းမသိတာနဲ့ ဘေးမှာ ထိုင်ပြီး ဧဝရဲ့ ပုရပိုက်တွေ ဖတ်ကြည့်နေတယ် ။
ခဏလောက်ကြာတော့ ဧဝ ပုံစံပြောင်းလာတာကို သတိထားမိလာတယ် ။
ဧဝရဲ့ ဆံပင်တွေ တဖြည်းဖြည်းရှည်ထွက်လာတယ် ။
လက်က အမွှေးတွေလည်းရှည်ထွက် လက်ပုံသဏ္ဍာန်တွေလည်းပြောင်းလာတယ် ။
အာဒမ်လည်း ထူးဆန်းလွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ် ။
တော်တော်လေးကြာတော့ ဧဝ နဂိုရုပ်ပျောက်ပြီး တကိုယ်လုံး အမွှေးအမျှင်တွေ ဖုံးအုပ်နေတဲ့ သတ္တဝါကြီး
ဖြစ်သွားတယ် ။
အဲဒီနောက် စိတ်ရိုင်းတွေဝင် ဝူးဝါး ဝူးဝါး အော်ပြီး ကျနေတဲ့ ပေထုပ်ကို ကောက်ပြီး ထွက်ပြေးသွားတယ် ။
အာဒမ်လည်း ဧဝထွက်ပြေးလို့ ခပ်လှမ်းလှမ်းရောက်မှ အသိစိတ်ပြန်ဝင်လာပြီး ဖမ်းဖို့ ပြန်လုပ်တယ် ။
ဒါပေမယ့် ဧဝက အနားကပ်မခံဘူး ။
ကိုယ်ပွားတစ်ခုဆုံးတာ (နံရိုးတစ်ချောင်းဆုံးတာ) ကိစ္စသိပ်မရှိပေမယ့် ဧဝ မှတ်သားထားတဲ့ ဥယျာဉ်အနောက်ခြမ်းအကြောင်းပါတဲ့ ပုရပိုက်တွေတော့ ရအောင်ယူရမယ် ပြီးတော့ ဧဝ အသီးစားမိတဲ့ကိစ္စကိုလည်း သူများတွေ မသိအောင်လုပ်ရမယ်ဆိုပြီး မရ ရအောင် ဖမ်းတယ် ။
ဒါပေမယ့် မရဘူး ။
ဘယ်လို ဖမ်းရမလဲ ကြံရာမရတဲ့အဆုံး မြင်းမိုရ်တောင်ကို တိတ်တဆိတ်ပြန်တက်တယ် ။
နတ်ပြည်မှာ မျှားပစ်အတော်ဆုံး ဖြစ်တဲ့ cupid ကို အကူအညီ သွားတောင်းတယ် ။
cupid လည်း ကူညီမယ်ဆိုပြီး တောင်ကျွန်းကို လိုက်လာခဲ့ပြီး ဧဝကို မေ့ မျှား ( မေ့ချစ်မျှားစူး သီချင်းထဲ မှ
မျှားမဟုတ်ပါ ။ မေ့ဆေးမျှားကို ဆိုလိုပါသည် ) နဲ့ပစ်ခတ်ဖမ်းဆီးပေးလိုက်တယ် ။
အဒမ်လည်း ဧဝဆီက ပေပုရပိုက်ထုပ်ကို ရပြီးပျော်သွားတယ်။
ကျန်ရှိနေသေးတဲ့ အသီးအပိုင်းကိုလည်း ဧဝ ထပ်စားမိမည်စိုးပြီး သိမ်းထားလိုက်တယ် ။
အဲဒီအချိန်မှာပဲ မြင်းမိုရ်တောင်ပေါ်ကနေပြီး ကျွဲချို မှုတ်သံကြားလိုက်ရတယ် ။
အဓိပ္ပါယ်မှာ ကျွန်းလေးကျွန်းကို ဆင်းသွားတဲ့ ဗြမ္မာတွေ မြင်းမိုရ်တောင်ပေါ်သို့ ပြန်လာဖို့ အချက်ပေးလိုက်တာပေါ့ ။
အဲဒီအခါ အဒမ်မှာ အကြံအိုက်ရပြန်တယ် ။
ဧဝကိုအခုလိုပုံစံနဲ့ ကိုယ်ပွားမှ ပြန်ရုတ်သိမ်းလို့လည်းမရ နတ်ပြည်ကိုလည်း ခေါ်သွားလို့မရ ဖြစ်နေတယ် ။
အဲဒါနဲ့ပဲ ရိုင်းနေတဲ့ ဧဝကို တစ်နေရာမှာ ချုပ်နှောင် ပြီး နတ်ပြည်ကို ကတိုက်ကရိုက် ပြေးတက်သွားတယ်။
နတ်မင်းကြီးများဆီလည်းရောက်ရော တခြားကျွန်းက ဗြမ္မာတွေ ရောက်နှင့်နေပြီ ။
အဒမ် က နောက်ဆုံးပဲ ။
အဲဒါနဲ့ သူလည်း သူ့မှတ်သားထားတဲ့ ပုရပိုက်တွေနဲ့ ဧဝ ပုရပိုက်တွေ ကို လောကပါလနတ် ဆီကို ပေးအပ်လိုက်တယ် ။
လောကပါလ နတ်က ကျွန်းလေးကျွန်းက ပုရပိုက်တွေကို တထိုင်တည်းဖတ်လို့ကုန်မှာ မဟုတ်ဘူး ။
အဲဒါကြောင့် နောက် နှစ်ရက်နေရင်ကျင်းပမယ့် နတ်သဘင် အစည်းအဝေးမှာ ဘယ်သူနိုင်တယ်ဆိုတာ အဆုံးအဖြတ်ပေးပါရစေလို့ နတ်မင်းလေးပါးကို ခွင့်ပန်တယ် ။
နတ်မင်းလေးပါးလည်း ခွင့်ပြုလိုက်ပြီး သူတို့ ဗိမ္မာန်သူတို့ပြန်သွားကြတယ် ။
အားလုံးကိုယ့်နေရာ ကိုယ်ပြန်သွားကြတဲ့အခါ အာဒမ်ကတော့ တောင်ကျွန်းကို ခိုးဆင်း ဧဝ ဆီ ပြန်သွားတယ် ။
သူတန်ခိုးတွေ အသုံးချပြီး ဧဝကို နဂို အတိုင်းဖြစ်အောင် လုပ်တယ် ။
မရဘူး ။
ဧဝကတော့ဘာမှမသိသလိုပဲ ။
အဒမ်လည်း ဧဝ ဘာဖြစ်မှန်းမသိတာဘူး ။
ဘာဖြစ်မှန်းမသိတာနဲ့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ် ။
ဘယ်သူ့အကူအညီတောင်းရမှန်းလည်းမသိဖြစ်နေတယ် ။
အဲဒါနဲ့ နောက်ဆုံး ဧဝ ဘယ်လိုဖြစ်တယ် ဆိုတာသိရအောင် သူ ဧဝစားမိတဲ့ အသီးကို စားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။
အဲဒီအချိန်မှာ တောင်ကျွန်းကို ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ရဲ့ အမှာစကားက နားထဲမှာ ကြားယောင်လာပြန်တယ် ။
ဧဝတောင် တခြမ်းစားပြီးပြီပဲ အပြစ်ပေးမယ်ဆို တခြမ်းစားလည်း ပေးမှာပဲ တစ်လုံးစားလည်းပေးမှာပဲ အပေးခံရမယ့်အတူတူ မထူးဘူးဆိုပြီး စားကြည့်ဖို့ကို ဆုံးဖြတ်လိုက်တယ် ။
အဲဒါနဲ့ သူသိမ်းထားတဲ့ အသီးတစ်ခြမ်းကို ထုတ်ပြီးစားလိုက်တယ် ။

၂ ရက်မြောက်တဲ့နေ့မှာ နတ်သဘင် အစည်းအဝေးကျင်းပကြတယ် ။
အစည်းအဝေးအပြင် နတ်ဘုရင် ခန့်အပ်ပွဲ အခမ်းအနားပေါ့ ။
နတ်မင်းလေးပါးကလည်း ဖင်တကြွကြွ ရင်တမမ ဖြစ်လို့ ။
အစည်းအဝေးစတင်ပြီးတဲ့နောက် လောကပါလနတ်က အရှေ့ဘက်အရပ်က ကျွန်းကြောင်းပြောတယ် ။
အရှေ့ဘက်အရပ်ကို ဆင်းတဲ့ ဗြမ္မာကိုလည်းခေါ်ပြီးတော့ မေးတယ် ။
သူတွေ့မြင်ခဲ့တာတွေနဲ့ သူရေးသားထားတာတွေ မှန်မမှန် ပေါ့ ။
အရှေ့ပြီးတော့ အနောက် ။
အဲလိုပဲ ဗြမ္မာကို ခေါ်မေး ။
အနောက်ပြီးတော့ မြောက် ။
မြောက်ပြီးတဲ့အချိန်အထိ တောင်ကျွန်းဆင်းတဲ့ ဗြမ္မာအဒမ်က မရောက်လာသေးဘူး ။
တောင်ကျွန်းဖန်ဆင်းတဲ့ နတ်မင်းတော်တော်လေး ဒေါသထွက်နေပြီ။ တောင်ကျွန်းအလှည့်လည်းရောက်ကော လောကပါလနတ်မင်းကခေါ်ရော အာဒမ်က မရှိ ။
အဲဒါနဲ့ အာဒမ်ကို နတ်မျက်စိနဲ့ ရှာကြတယ် ။
မြင်းမိုရ်တောင် တစ်တောင်လုံးရှာကြတယ် မတွေ့ဘူး ။
နောက်တော့ နတ်မျက်စိတစ်လုံးက အဒမ် တောင်ကျွန်းမှာရောက်နေတယ်လို့ အသိပေးတယ် ။
ဒီကောင် တောင်ကျွန်းကို ဘာထပ်ပြီးဆင်းလုပ်တာလဲလို့ နတ်မင်းလေးပါးကော လောကပါလနတ်မင်းပါ တိမ်ဆိုင်ပေါ်က တောင်ကျွန်းကို လှမ်းကြည့်လိုက်တဲ့ အခါ ။
သိတယ်မလား နတ်ပြည် နှစ်ရက်က လူ့ပြည်မှာ ဘယ်လောက်ကြာတယ်ဆိုတာ ။
ဤသို့ ဤသို့ဖြင့် .... လေသတည်း။


နေကျယ်ဝန်း



edit post

စက္ကူခေါင်း (0)

10:49 PM by , under

ဟိုးရှေးရှေး ဒီအချိန်လောက်တုန်းက ရွာတစ်ရွာမှာ ကောင်လေး တစ်ယောက်ရှိတယ် ။
အဲဒီကောင်လေးက တစ်နေ့တခြား အသက်ကြီးလာပြီး အနှစ်ခြောက်ဆယ်လောက်ကြာတော့ အဖိုးကြီး ဖြစ်လာတယ် ။
သူ သေခါနီး ကျတော့ သူ့ရဲ့ တစ်ဦးတည်းသော သားကို ခေါ်ပြီး သူအရမ်းတန်ဖိုးထားတဲ့ ပစ္စည်းတစ်ခုကို အမွေအဖြစ်ပေးအပ်ခဲ့တယ် ။
အဲဒီအမွေက ပြည်သူ့ နီတိ အဆုံးအမ သြဝါဒ ကျမ်း စာအုပ်ကြီး ။
အဖိုးကြီးရဲ့သား ကောင်လေးလည်း အထဲမှာ ပါတဲ့ အကြောင်းအရာတွေကို သိလိုချင်တာနဲ့ စာအုပ်ကို လှန်ကြည့်လိုက်တော့ အထဲမှာ စာမျက်နှာ အိုမင်းလို့ ခြစားထားတဲ့ စာရွက်ပြဲရာအချို့ရယ် သူ့အဖေ အနှစ်နှစ်အလလ က ဖတ်သားမှတ်ရှုထားပြီး ထုတ်နှုတ်ထားတဲ့ notes တွေ တပုံတခေါင်းတွေ့ရတယ် ။
ကောင်လေးလည်း ဘာပြန်ပြောရမှန်း မသိသေးဘဲ စာအုပ်ကို အချိန်အနည်းငယ် ဖတ်ကြည့်နေမိတယ်။
သူသတိဝင်လို့ သူ့အဖေကို ကြည့်လိုက်ချိန်မှာပဲ သူ့အဖေက တမလွန် ခရီးတဝက်စနေပြီ ။
အဲဒီလိုနဲ့ ကောင်လေးလည်း အဲဒီ စာအုပ် ထူကြီး ကို နေ့မအား ညမနား အခန်းတွင်းအောင်းပြီး တရှုမနား လေ့လာပစ်လိုက်တယ် ။
အားသွန်ခွန်စိုက် ကျင့်ကြံပစ်လိုက်တယ် ။
တစိုက်မတ်မတ် မွေးမြူပစ်လိုက်တယ် ။ အဲဒါကြောင့် ပတ်ဝန်းကျင်နဲ့ တော်တော်ကလေးကို အဆက်အသွယ်ပျက်သွားတယ် ။
ရက်အတော်ကြာတဲ့ အခါ စာအုပ်ကြီးဖတ်လို့ ပြီးစီးသွားတယ် ။ သူ့ခေါင်း သူ့ဦးနှောက် သူ့နှလုံးသားထဲမှာလည်း သြဝါဒတွေ သံမှိုရိုက်ခတ်ထားသလို မြဲမြဲမြံစွာဆွဲကပ်သွားတယ် ။
ဒီစာအုပ်က အလွန်တန်ဖိုးကြီးတဲ့ စာအုပ်တစ်အုပ်ပဲ ဒါကြောင့် ဒီစာအုပ်ကို လူတွေ သိအောင် ငါ ပုံနှိပ်ပြီး ဝေမျှသင့်တယ် လို့ အောက်မေ့ပြီး စာအုပ်ထုတ်ဖို့ အကြံပေါ်လာတယ် ။
ဒါပေမယ့် သူ နေထိုင်တာ ရွာမှာ မို့လို့ ပုံနှိပ်တိုက် မရှိဘူး ။
ဒါကြောင့် ပုံနှိပ်တိုက်ရှိတဲ့ အနီးဆုံးမြို့ကို တက်ဖို့ ကြံစည်တယ် ။
ပုံနှိပ်တိုက် ရှိတဲ့ အနီးဆုံးမြို့ က သူတို့ ရွာနဲ့ ဆို လှေတစ်တန် မြင်းတစ်တန် တောဖြတ် တောင်တက် သွားရမှာ ။
ဒါပေမယ့် သူ စိတ်မပျက်ဘဲ သူ့အဖေ အမွေပေးခဲ့တဲ့ စာအုပ် လူတွေဆီ ဖြန့်ဝေတာ သူ့အဖေလည်း ဝမ်းသာမှာပဲဆိုပြီး ကြည်နူးနေရင်း အထုပ်အပိုးတွေ ပြင်ဆင်တယ် ။
လမ်းခရီးရောက်တော့ သူ တစ်ယောက်တည်း မချွန်တတ်ချွန်တတ် လေချွန်ရင်း ပျင်းပျင်းရှိတာ နဲ့ လျှောက်စဉ်းစားမိသွားတယ် ။
သူ့အဖေ ရေးသားထားတဲ့ notes တွေ ၊ စာအုပ်ထဲက အကြောင်းအရာတွေက အမှန်တကယ်မှ ဟုတ်ရဲ့လား ။ လူသားစင်စစ်တွေနဲ့ ကိုက်ညီရဲ့လား ဆိုပြီး တောင်တွေးမြောက်တွေး တွေးမိတယ် ။
အဲဒါနဲ့ပဲ လမ်းသွားရင်း လူတွေအကြောင်း တစေ့တစောင်း အကဲခတ်သွားဖို့ ဆုံးဖြတ်လိုက်တယ် ။
ဒီလိုနဲ့ ရွာငယ်တစ်ရွာကို တည်းခိုဖို့ အကြောင်းဖန်လာတယ် ။
အဲဒီရွာမှာ တစ်ညအိပ် ပြီး ခရီးဆက်ထွက်လို့ ရပေမယ့် ရွာကလူထုကို အကဲခတ်ချင်တာနဲ့ ၃ ၊ ၄ ရက် ဆက်ပြီး နေဖြစ်လိုက်တယ် ။
နောက်နေ့ ခရီး ဆက်ထွက်တဲ့အခါ စာအုပ်ထဲက စာရွက် ၁ ရွက်ကို ငါ့အဖေ အမှတ်မှားတယ် ထင်တယ် ဆိုပြီး ဆွဲဆုတ်လိုက်တယ် ။
အတန်ငယ် ခရီးပေါက်တဲ့အခါ မြို့ငယ်လေး တစ်မြို့ကို ရောက်လာပြန်ရော ။
မြို့ က နဲနဲကလေး ကျယ်ဝန်းတာနဲ့ သူ ၁ ပတ်လောက် နေသင့်တယ် ထင်ပြီး နေလိုက်တယ် ။
အဲဒီမြို့ က ပြန်ထွက်လာတော့ အဖေ အမှတ်မှားပြန်တယ် ဆိုပြီး ၂ ရွက် ဆုတ် လိုက်ပြန်တယ်။
အဲဒီလို
အဲဒီလို
အဲဒီလိုနဲ့ သူ့ ခရီးအဆုံးဖြစ်တဲ့ မြို့က ပုံနှိပ်တိုက်ရှေ့ ရောက်သွားတယ် ။
တိုက်ထဲ ဝင်မယ် ကြံခါနီးမှ အတွေးတစ်ခုဝင်လာ စိတ်ပြောင်းသွားပြီး ပုံနှိပ် စာအုပ်ထုတ်မယ့် အစီအစဉ်ကို ဖျက်ပစ်လိုက်တယ်။
အဲဒါနဲ့ပဲ သူနေထိုင်တဲ့ ရွာလေးကို ဘယ်နေရာမှာမှ တထောက်တနား ဝင်မနားတော့ဘဲ တန်းတန်းမတ်မတ် အိမ်ပြန်လာလိုက်တော့တယ် ။ ။

ဟိုးရှေးရှေးတုန်းက ခုနက အချိန်လောက်တုန်းက ရွာတစ်ရွာ မှာကောင်လေး တစ်ယောက်ရှိတယ် ။
အဲဒီကောင်လေးက တဖြည်းဖြည်းအသက်ကြီးလာပြီး အဖိုးကြီး ဖြစ်လာတယ် ။
သူ သေခါနီး ကျတော့ သူ့ ရဲ့ တစ်ဦးတည်းသော သားကို ခေါ်ပြီး အမွေပစ္စည်း တစ်ခု ပေးခဲ့တယ် ။
အဖိုးကြီးရဲ့သား ကောင်လေးလည်း တဖြည်းဖြည်း အသက်ကြီးလာပြီး အရေခွံရှုံ့ပွအဖိုးကြီးဖြစ်လာပြန်တယ်။
သူလည်းပဲ သေခါနီး ကျတော့ သူ့ သားကို ခေါ်ပြီး အမွေပစ္စည်းတစ်ခုပေးခဲ့တယ် ။
အဲဒီအမွေက ပြည်သူ့ နီတိ အဆုံးအမ သြဝါဒ ကျမ်း စာအုပ်ကြီး ။
အဖိုးကြီးရဲ့သားလည်း အထဲမှာပါတဲ့ အကြောင်းအရာကို စိတ်ဝင်စားတာနဲ့ စာအုပ်အဖုံးကို လှပ်ကြည့်လိုက်တော့
အထဲမှာ မာတိကာ ကလွဲပြီး စာရွက်တစ်ရွက်မှ မရှိဘူးတဲ့ ။


နေကျယ်ဝန်း



edit post