နေကျယ်ဝန်း

သီးခြားခေါင်းစဉ် အောက်က သီးခြားလူ

Showing posts with label ကျွန်တော်နှင့်. Show all posts
Showing posts with label ကျွန်တော်နှင့်. Show all posts

ဒီနေ့ စနေနေ့ဗျ ။
ကျောင်းမတက်ရဘူး ။
ကျူရှင်ပဲ တက်ရတယ် ။
ကျောင်းပိတ်လို့ ကျူရှင်က အပြန်တောင် လမ်းထဲကကောင်တွေနဲ့ ဘောလုံးကန်ဖို့ ချိန်းထားသေးတယ် ။
ချိန်းထားတဲ့နေရာကတော့ လက်ဖက်ရည်ဆိုင်မှာပေါ့ ။
ကျွန်တော် ညနေ ကျူရှင်ကဆင်း လက်ဖက်ရည်ဆိုင်ရောက်တော့ ဟိုကောင်တွေ မရှိသေးဘူးဗျ ။ စောနေသေးလို့နဲ့တူတယ်ဆိုပြီး ဆိုင်ထဲဝင်ထိုင်ပြီး လက်ဖက်ရည်မှာပြီးသောက် နေလိုက်တယ် ။
ဟိုကောင်တွေဆိုလို့ ပြောရဦးမယ် ။
ဟိုကောင်တွေ အကြောင်းပေါ့ ။
ကျွန်တော် ငယ်ငယ်ထဲကပေါင်းတာမဟုတ်ပေမယ့် ငယ်ငယ်ကတည်းကပေါင်းသလို တော်တော်လေးခင်
တော်တော်လေး တွဲဖြစ်တယ် ။
သူတို့နာမယ် အတိအကျ မသိတော့မသိဘူး ဟိုကောင် ဒီကောင်နဲ့ နာမယ် တစ်လုံး ကိုပဲ ကို တပ် ခေါ်လိုက် ကြီး ထည့်ခေါ်လိုက်နဲ့ပဲပြောတာ ။
လမ်းထဲက လူကြီးတွေကတော့ ခေါ်ကြတယ် ။
ဂျပိုးတွေတဲ့ ။
ကျွန်တော်ကတော့ ပေါင်းတာပဲ ။
လူလည်း သေရင် နံတယ် ။
ကြမ်းပိုးလည်း သေရင် နံတာပဲ ။
အတူတူပဲ ။
မဟုတ်ဘူးလား ။
ကျွန်တော်ကတော့ လူကောင်းရယ် လူဆိုးရယ်ဆိုပြီး မခွဲပါဘူး ပေါင်းတာပဲ ။
တချို့လူကြီးတွေကတော့ ပြောပါတယ် ။
နင် သူတို့နဲ့ ကြပ်ကြပ်ပေါင်း နင်ပါ ဂျပိုးစာရင်းဝင်သွားမယ် တဲ့ ။
ကျွန်တော်ကတော့ အေးဆေးပဲ ။
ပတ္တမြားမှန်ရင် ဘာဖြစ်လဲ သိကြတယ်မလား ။
အဲလိုပေါ့ဗျာ ။
နောက်တစ်ခုက ကျွန်တော်သိချင်တာဗျ ။
သူတို့ ဘာလို့ အဲလို ဖြစ်နေကြတာလဲ ဆိုတာပေါ့ ။
ဘာဖြစ်လို့ အဲလိုလုပ်နေကြတာလဲ ဆိုတာသိချင်လို့ လေ ။
ဟို ဆရာတာရာမင်းဝေ စာအုပ်ထဲမှာတောင်ပါသေးတယ်
သူ့လိုမဖြစ်ချင်ရင် သူ့ကိုလေ့လာပါ ဆိုတာလေ ။
ကျွန်တော်က အရမ်းကြီးဆိုးသွမ်းနေတာမဟုတ်ဘူးလို့တော့ ကိုယ့်ကိုကိုယ်ထင်တယ် ။ သူများတွေဘယ်လိုထင်လဲတော့မသိဘူးပေါ့လေ ။
ကျွန်တော့် ဆိုးတဲ့ဘော်ဒါတွေလို မဆိုးချင်လို့ အနီးကပ်လေ့လာတာပေါ့ ။
အဲ ။ သူ့ကို လေ့လာရင်း သူ့လိုဖြစ်သွားတက်သည်။ ဆိုတာတော့ သတိထားရတာပေါ့ဗျာ ။
ထားဦးတော့ ။
ကျွန်တော်လက်ဖက်ရည်သောက်ပြီး ပျင်းပျင်းရှိတာနဲ့ ဟိုဟိုဒီဒီလျှောက်ကြည့်ပြီး ဘေးဝိုင်း တွေမှာ
ဘာတွေပြောနေလဲ နားစွင့်ကြည့်လိုက်တယ် ။
ဘေးကပ်ရပ်ဝိုင်းက ဖလော်အကြောင်းပြောနေကြတာဗျ ။
လူကြီးသုံးယောက်လေ ။
စကားဝိုင်းက အခုမှ အစပျိုးတုန်းရှိသေးတယ် ။
ကျွန်တော်လည်း ဖလော်အကြောင်း စိတ်ဝင်စားတော့ နားစွင့်နေမိတယ် ။
သူတို့ပြောတာနားထောင်နေရင်း တဖြည်းဖြည်းစိတ်ဝင်စားလာတာနဲ့ လက်ဖက်ရည်ခွက်လေး မ ပြီး ဝိုင်းပြောင်းထိုင်ပြီးကို နားထောင်နေလိုက်တယ် ။
ဟိုလူကြီးတွေကတော့ သူတို့ စကားဝိုင်းကို လာနားထောင်တယ်ဟဲ့ ဆိုပြီး ပြုံးသွားသေးတယ် ။
မင်းနာမယ် ဘယ်လိုခေါ်လဲလို့မေးတယ် ။
ကျွန်တော်လည်း ရိုရိုကျိုးကျိုးလေး ဘယ်သူပါခင်ဗျ ဆိုပြီးပြော ။
နောက်တော့ ကျောင်း နောက်တော့ မေဂျာ မေး ကျွန်တော်လည်း ဖလော်ယူထားတာပါပြောတော့ ။
အေး အေး ကောင်းတယ်ဆိုပြီး သူတို့ စကားဝိုင်းကို ပြန်ဆက်တယ် ။
ပြောနေကြတာ ဂရိ ဖလော် အီဂျစ် ဖလော် အနောက်တိုင်း ဖလော် အရှေ့တိုင်း ဖလော် အလယ်တိုင်း ဖလော် နဲ့ စုံပလုံကို စိနေတာပဲ ။
ကျွန်တော်လည်း ကျွန်တော်သိတဲ့ လူတွေအကြောင်း တက်အားသ၍ ပါဝင်တာပေါ့ဗျာ ။
သူတို့ စကားမှာမြောပြီး ဟိုကောင်တွေ ရောက်နေတာတောင် သတိမထားမိဘူး ။
ဟိုကောင်တွေ ကျွန်တော်ထိုင်နေတဲ့ ဝိုင်းရောက်လာ ကျွန်တော့် ပုခုံးလာပုတ်ပြီး ဟေ့ကောင် လာလကွာ လို့ပြောတော့မှ ရောက်မှန်းသိတယ် ။
ကျွန်တော့်ကိုလာခေါ်တဲ့ကောင်တွေလည်းတွေ့ရော ဟိုလူကြီးတွေ ကျွန်တော့်ကောင်တွေ ကြည့်လိုက် ကျွန်တော့်ကို ကြည့်လိုက်ပြီး ခုနက ပြုံးနေတဲ့ မျက်နှာဘယ်ချောင်ပြေးဖွက်လိုက်မှန်းတောင် မသိဘူး ။
ကျွန်တော်လည်း သူတို့ ကို တစ်ချက်ပြုံးပြပြီး ကျွန်တော့်ဘော်ဒါတွေ ထိုင်တဲ့ ဝိုင်းကို ကူးလာလိုက်တယ် ။
ခဏလောက်နေတော့ ကျွန်တော်သိချင်တာတစ်ခုကို ခုနကလူကြီးတွေဝိုင်းဆီ လှမ်းမေးလိုက်တယ် ။
ဦးလေးပေါ့ ဆိုခရေးတီးက အဆိပ်သောက်သေတာဆို ဘာအကြောင်းကြောင့်လဲဟင် လို့ မေးလိုက်တယ် ။
ဟိုလူကြီးတွေ အပြောမပျက်ဘူး ။
မကြားလို့နေလိမ့်မယ် ဆိုပြီး ထပ်ခပ်ကျယ်ကျယ်မေးတော့ ။
သူတို့ သုံးယောက်က ကျွန်တော်တို့ဝိုင်းကို ခြုံကြည့်ပြီး ရှင်းမယ်ဟေ့ဆိုပြီး ပိုက်ဆံ ရှင်းပြီး ထွက်သွားကြရော ။
သူတို့ထွက်သွားတော့ သူတို့ချင်းပြောတာကို ကျွန်တော့်နားကလည်း ကြားလိုက်သေးတယ် ။
အလကားပါကွာ ဆန်ကုန်မြေလေးပါ တဲ့ ။
ကျွန်တော်လည်း ဘယ်လိုတုန်းဟ ဆိုပြီး ရေနွေးမှုတ်သောက်နေလိုက်တယ် ။
ဟိုကောင်တွေနဲ့ စကားတွေ ဘာတွေ ခဏပြော ပိုက်ဆံရှင်းပြီး ဘောလုံးကွင်းဖက်ကို လျှောက်လာတယ် ။
ထုံးစံအတိုင်း ဟေးလားဝါးလားပေါ့ ။
ကျွန်တော်က ဘောလုံးပိုက် သူတို့ပြောတာနားထောင် တချက်တချက် ဝင် ဝင် ကစ် ။
အဲလို လျှောက်လာနေတုန်း ကောင်မလေး သုံးယောက် စက်ဘီးသုံးစီးနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင်ကနေ နင်းလာတာတွေ့ရတယ် ။
အဲဒီသုံးယောက် ဘယ်သူတွေဆိုတာ ဟိုးအဝေးကြီးကတည်းက သိတယ်ဗျ ။
ဘာလို့လဲဆိုတော့ တစ်ယောက်က ကျွန်တော်တို့ကျောင်းက ။
ကျွန်တော်ကြိုက်နေတဲ့ စာပေးဖူးတဲ့ ကောင်မလေး နောက်နှစ်ယောက်က သူ့ ကျူရှင်က သူငယ်ချင်းထင်ပါရဲ့ ။
ကျွန်တော်လည်း ကျွန်တော့်ကောင်မလေး လာနေတယ်ဆိုတော့ ဟိုကောင်တွေကို ငြိမ်ဖို့ပြော လက်ထဲက ဘောလုံးကို ပေး ပြီး ဆံပင်လေး ဘာလေးသပ်တာပေါ့ ။
ကျွန်တော့်ကို လူတစ်ယောက်ပြောဖူးတယ်ဗျ ။
ဘာပြောတာလဲဆိုတော့ မိန်းမတစ်ယောက်ကို သွားပိုးမယ်ဆိုရင် တဲ့ ဘယ်တော့မှ ကိုယ့်ထက် ရုပ်သာတဲ့လူနဲ့ မသွားနဲ့တဲ့ ။
သွားရင် ရုပ်သာတဲ့ကောင်ဆီကိုပဲ ကြည့်ပြီး ကိုယ့်ကိုမကြည့်ဘဲနေလိမ့်မယ် တဲ့ ။
အခုဟာက သွား ပိုး တာတောင်မဟုတ်ဘူး ။
လာအပိုးခံသလိုတောင်ဖြစ်နေသေးတယ် ။
အဲကောင်မလေးကလည်း အဲဒီ စကားကြားဖူးတယ်ထင်ပါရဲ့ ။
သူ့ သူငယ်ချင်းနှစ်ယောက်က ရွဲ ပလဲ လို့ ။
အဲဒါကြောင့် ကျွန်တော်လည်း ဟိုကောင်တွေကို တစ်ချက်ဝေ့ကြည့် ။
ကျွန်တော် သူတို့ထက် ရုပ် သာလား မသာလား တော့မသိဘူး ။
ကျူရှင်က ပြန်လာတာဆိုတော့က ပို သပ်ရပ်နေသေးတာတော့ အမှန်ပဲ ။
စိတ်ထဲမှာတော့ ဟဲဟဲ ငါကွ ပေါ့ ။
အနားရောက်မှ လီရောင်ဂျေး လို ပြုံးပြလိုက်ဦးမယ်ဆိုပြီး တွေးလို့ ။
ခပ်လှမ်းလှမ်းရောက်တော့ ကျွန်တော်တို့အုပ်စုကို မြင်သွားတယ်ဗျ ။
မြင်လည်း မြင်လည်း မြင်ရော သူ့သူငယ်ချင်းတွေနဲ့ ရယ်မောပြီး စကားပြောလာတာကနေ ရုပ်တောင်တည်သွားသေး ။
ကျွန်တော်လည်း ပြုံးပြလိုက်ပါသေးတယ် ။
သူကတော့ တည်တည်ပဲ ။
နဲနဲတောင်မာသွားသေးသလိုပဲ ။
သူ့သူငယ်ချင်းက ခပ်တိုးတိုးလေး လှမ်းမေးတယ် သူ့ကို ။
ဟိုကောင်လား နင့်ကို စာပေးတယ်ဆိုတာ တဲ့ ။
ကောင်မလေး ပြန်ဖြေပေးတော့ ကျွန်တော်တို့နောက် နဲနဲတောင်ရောက်နေပြီ ။
အဲဒါကို ကျွန်တော့်နားကလည်း ကြားဖြစ်အောင်ကြားလိုက်သေးတယ် ။
အလကားပါဟာ ဒီလိုကောင်ကိုလား တဲ့ ။

========================================================
In the kingdom of blind
the one-eyed man is king
အနူတောမှာ လူချောဖြစ်

[ သို့သော် နူနာရောဂါသည် ကူးစက်တက်၏ ]
========================================================



edit post

ကျောင်းချိန် စောသေးတာနဲ့ ကျောင်နားက လက်ဖက်ရည်ဆိုင်မှာ ချိုဆိမ့်တစ်ခွက်လောက်သောက်ဦးမှဆိုပြီး ဝင်ထိုင်လိုက်ရော။
ထိုင်လျှင်ထိုင်ချင်းပဲ စားပွဲထိုးက
“အစ်ကို ဘာသောက်”
“ချိုဆိမ့် ရှယ်”
ကျွန်တော့်ရှေ့က စားပွဲကို ဝတ်ကြေတန်းကြေ သုတ်ပေးပြီး ချိုဆိမ့်ဝမ်း ရှယ် လို့အော်ပြီးထွက်သွားတယ် ။
( အစက ခြောက်နေတဲ့ စားပွဲက သူ့ စိုစိစိအဝတ်ညစ်ညစ်ကြီးနဲ့သုတ်လိုက်မှ သစ်သားဆွေးနံ ထောင်းခနဲ ထွက်လာတယ် ။ )
ဒီဆိုင်မှာ ရယ်ဂူလာ သောက်နေကျ မဟုတ်ပေမယ့် ကျောင်းစောချိန် လက်ဖက်ရည် ဆာ ချိန်တိုင်း လိုလို သောက်ဖြစ်တယ် ။
ခဏလောက်ကြာတော့ ခုနက စားပွဲထိုးက လက်ဖက်ရည်လာချပေးတယ် ။
လက်ဖက်ရည်ကို မွှေ ။ ဇွန်းကို ချ ။
တထောင်းထောင်းထနေတဲ့ အငွေ့တွေကို မမှုတ်ခင် နှာခေါင်းနဲ့တေ့ပြီး ရူကြည့်သေးတယ် ။
(ဘယ်တုန်းက ဘယ်သူ့ဆီက ကူးလာမှန်းမသိတဲ့ ကျွန်တော့်အကျင့် အစာမစားခင် အနံ အရင် ခံကြည့်တာ)
နောက်တော့ နဲနဲမှုတ်ပြီး တစ်ငုံသောက်လိုက်တယ် ။
နဲနဲပုံမမှန်ဘူး ။ မသေချာတာနဲ့ နဲနဲထပ် သောက်ကြည့် ။
ချိုတာမှ ခါးတဲ့ဘက်တောင်ရောက် နေသလိုပဲ ။
အဲဒါနဲ့ စားပွဲထိုးကို လှမ်းပြီး
“ကျွန်တော်မှာတာ ကျောက်ပဒေါင်းဟုတ်ဘူးဗျ”
အဲတော့ အဖျော်ဆရာက မျက်မှောင်ကြီးကြုတ်ပြီး
“ငါဖျော်တာလည်း ကျောက်ပဒေါင်းမဟုတ်ပါဘူးကွ” လို့ဝင်ပြောတယ် ။
“ကျောက်ပဒေါင်းမဟုတ်ရင် လာသောက်ကြည့်ဦး ဒီမှာ တစ်ခွက်သောက်တာနဲ့ ဆီးချိုဖြစ်လောက်တယ်”
အဲဒီတော့မှ စားပွဲထိုးက
“ဟိုဟာ အစ်ကို ဆိုင်ရှင်က နို့ဆီပြောင်းသုံးတယ် ဒီနေ့ကစပြီး။ အရင်နို့ဆီမဟုတ်တော့ အဖျော်ဆရာ နဲနဲ အချိန်အဆ လွဲသွားတာနဲ့ တူတယ်” လို့ ဝင်ဖြေတယ်။
ကျွန်တော်လည်း ထပ်မပြောချင်တော့တာနဲ့ အကျရည် နဲနဲထပ်ထည့်ခိုင်းလိုက်တယ် ။
အဖြော်ဆရာက အဲဒါကို မထည့်ချင် ထည့်ချင်နဲ့ စားပွဲထိုးကို ပြောသလို
“မင်းတို့စားပွဲထိုးတွေ မနေ့တစ်နေ့က မှ လက်ဖက်ရည်စသောက်ပြီးများ အချိန်အဆလိုတယ်လေးဘာလေးနဲ့ ချစ်နိုင် နော် ဖျော်စားလာတာ ဒီမှာကြည့် အံတိုနေပြီ” ဘာညာဆိုပြီး မကြားတကြား ကိုယ်ရည်သွေးရော ။
လက်ဖက်ရည်ဖျော်စားတာနဲ့ အံတိုတာ ဘာမှတော့မသက်ဆိုင် သူ့အံတိုတာ သွားပိုးစားလို့ တိုတာပေါ့ လို့ပြောချင်လာပေမယ့် စောစောစီးစီး ရန်မဖြစ်ချင်တာနဲ့ မကြားချင်ယောင်ဆောင်နေလိုက်တယ် ။
အဲဒါနဲ့ပဲ လက်ဖက်ရည်ကို ခပ်သွက်သွက်လေးသောက်ပြီး ကျောင်းဘက်ဆီ ထွက်လာလိုက်တယ် ။

ကျောင်းရောက်တော့ ပထမဆုံးအချိန်မှာပဲ ပြဿနာက တက်ပြီ ။
အတန်းပိုင်ဆရာက “မနေ့ က တွက်ခိုင်းလိုက်တဲ့ အိမ်စာတွေ စားပွဲပေါ်လာထပ် မပြီးသေးတဲ့လူတွေ မတ်တပ်ရပ်”
အတန်းပိုင်ဆရာက အရိုက်ကြမ်းတဲ့လို့ကျောင်းသားတိုင်း သူ့စာဆို ပြီးအောင်လုပ်ကြတယ် ။
ကျောင်းမှာဆို သူက ရိုက်တဲ့နေရာမှာ နာမည်ကြီးတယ် ။
တခြားအခန်းက အပြစ်ကြီးကြီးတွေလုပ်တဲ့လူတွေဆိုရင် ကျွန်တော်တို့ ဆရာကို ငှားပြီး ရိုက်ခိုင်းတာတွေတောင်ရှိတယ် ။ အဲလောက်ထိ ။
အဲတော့ ကျောင်းသားတိုင်း သူ့စာဆိုပြီးအောင်လုပ်ကြတယ် ။
ကျွန်တော်လည်းပြီးအောင်လုပ်တယ် ။
ဒါပေမယ့် ဒီနေ့ ကျမှ သူ့အိမ်စာ စာအုပ်ကို ညကတွက်ပြီး လွယ်အိတ်ထဲ ပြန်မထည့်မိဘူး ။
အိမ်မှာမေ့ကျန်ခဲ့တယ်ပြောလည်း ယုံမှာမဟုတ်ဘူးလေ ။
လိမ်တယ် ဆိုပြီးတောင် ပိုဆော်ချင်ဆော်ဦးမှာ ။
မတတ်နိုင်ဘူး မပြီးသေးဘူးပြောပြီးပဲ အရိုက်ခံရတော့မှာပေါ့ ။
မနာအောင် ဖင်ကို တောင်ကြိုပွတ်ထားမိသေးတယ် ။
တစ်တန်းလုံး ကျွန်တော် တစ်ယောက်ထဲမတ်တပ်ရပ်နေတာ ။
ကျောင်းသားတွေ အားလုံး စာအုပ်ထပ်ပြီး ကိုယ့်နေရာ ကိုယ်ထိုင်ပြီး မှ ဆရာက stage ပေါ်က
“မင်းက ဘာလို့မလုပ်လာတာလဲ” လို့လှမ်းမေးတယ် ။
“ဗျာ ဟိုဟာလေ မေ့သွားလို့ ”
“အေး မေ့သွားရင် တံခါးနားက တုတ်သွားယူလာခဲ့” ဆိုပြီး ဆရာပုဆိုးကို တိုတိုပြင်ဝတ်တယ် ။
ပုဆိုးတောင်ပြင်ဝတ်တယ်ဆိုတော့ ဈေးဦးပေါက်မို့ အဆစ်ပါပေးချင်တယ် ဆိုတဲ့ သဘောကြောင့် အာခေါင်တောင် ခြောက်လာတယ် ။
မတတ်နိုင် လာမယ့်ဘေး ပြေးတွေ့ပေါ့ ဆိုပြီး တုတ်ကို ယူ stage ပေါ်တက်ပြီး ကျွန်တော်လည်း ပုဆိုးပြင်ဝတ်လိုက်တယ် ။
အတန်းပိုင်ဆရာက ရိုက်ရင် ကြိမ်လုံးနဲ့ မရိုက်တတ် သစ်သားပြားနဲ့ပဲရိုက်တတ်တယ် ။
“မနေ့က တွက်ခိုင်းလိုက်တာ ဘယ်နှပုဒ်လဲ”
တစ်ခန်းလုံးတိတ်နေတယ်။
“ရှစ်ပုဒ်ပါ”(ရှစ်ကို english သံမပါအောင် ထိန်းပြောရသည်။ တော်ကြာ သူ့ ဆဲပါတယ်ဆိုပြီး ပိုအပြစ်ကြီးနေမှာလေ)
“ဒါဆို ဘယ်နှချက်လဲ”
“ရှစ်ချက်”
“မတ်မတ်ရပ်” ဆိုပြီး သူ့အကျီ င်္လက်ကိုပင့်ပြီး
ဖြောင်း တစ်ချက်
ချက်ကောင်းကိုထိတယ်။ ( ချက်ကောင်းဆိုသည်မှာ တင်ပါး နှစ်ဖက်လုံးကို ထိခြင်းကို ဆိုလိုသည် )ကျွန်တော်လည်း နာတာနဲ့ ကိုယ်ကို နဲနဲ မသိမသာလေး စောင်းလိုက်တယ် ။
နှစ်ဖက်လုံး နာမှာထက်စာရင် တစ်ဖက်ထဲနာမှာက ပိုသက်သာတယ်မလား ။
ဖြောင်း
ခုနကလောက်မဟုတ်ပေမယ့် နှစ်ဖက်လုံးထိနေတုန်းပဲ ။
နောက်ထပ်ကိုယ်ကို နဲနဲလေး ထပ်စောင်း ဆရာကတော့မရိပ်မိ
ဗြောင်း
လက်ဆပြင်းသွားလို့ မြည်သွားတဲ့အသံမဟုတ်ပါ ။
ကျွန်တော် ကိုယ်စောင်းတာ နဲနဲလွန်သွားလို့ တင်ပါးဆုံရိုးနဲ့ ထုတ်နဲ့ ထိပြီး ကျိုးသွားတဲ့ အသံဖြစ်ပါတယ် ။
အတန်းသားတွေ အို ခနဲ ဟင် ခနဲ ဖြစ်သူကဖြစ် ခစ် ခနဲ ခွိ ခနဲ ရယ်သူကရယ်နဲ့ ဖြစ်သွားကြတယ် ။
ဆရာကလည်း သူ့လက်ဆများပြင်းလားဆိုတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို စူးစမ်းကြည့် ကြည့်တယ် ။
ကျွန်တော် ရုပ်ကတုတ်ကျိုးအောင်ရိုက်မလို့ နာနေတဲ့ အနာမျိုးလောက်မဟုတ်တော့ ကျိုးသွားတဲ့တုတ်နဲ့ ကျန်ရှိနေသေးတဲ့ အပုဒ်ရေကို ရိုက်ဖို့ ကောက်တယ် ။
၂ ပေခွဲလောက်ပဲရှိတဲ့တုတ်က ထက်ပိုင်းကျိုးသွားတာဆိုတော့ ဘယ်အပိုင်း ကမှ ကောင်းကောင်းရိုက်လို့မရဖြစ်နေတယ် ။
ဆရာ့မှာလည်း တုတ် စပယ်ယာက မရှိတော့ ဈေးဦးပေါက် အတန်ကြီးမအမ်းနိုင်လို့ မဝယ်သွားခံရတဲ့ ဈေးသည်လို ဖြစ်သွားတယ် ။
လက်နဲ့ ရိုက်ဖို့ကလည်း newton law ကိုသိထားလို့ မရိုက်ဘူး ။ လုံးဝ ။
နောက်တော့ ဆရာလည်း စိတ်လျော့လိုက်တဲ့ပုံစံ နဲ့
“မင်းကံကောင်းသွားတယ်။ သွားထိုင်တော့” ဆိုပြီး ပြန်လွှတ်လိုက်တယ် ။
ကျွန်တော့်စိတ်ထဲမှာတော့ ဆရာ
“ငါ ရိုက်စားလာတာ အံတိုနေပြီ တခါမှ တုတ်မကျိုးဖူးပါဘူး” လို့ ပြောမလားလို့ စောင့်ပြီး ပြုံးမိသေးတယ် ။

========================================================
a bad workman blames his tools.
အကမတတ်တော့ ဖျာအပြစ်တင်သည်။

[ အပ်ချုပ်သည် တော်ပါသော်လည်း အပ်ကျိုးဖြင့်တော့ မချုပ်နိုင်ချေ ။ ]

========================================================




edit post