ဟိုး ဟိုး ရှေး ရှေး ရှေး လူတွေတောင်မဖြစ်သေး ကမ္ဘာကြီးတောင်မရှိသေးတဲ့ အချိန်တုန်းက မြင်းမိုရ်လို့ အမည်ရှိရတဲ့ တောင်ကြီးမှာ အလွန်တရာတန်ခိုးကြီးမားတဲ့ နတ်မင်းကြီးလေးပါးစံမြန်းနေထိုင်ပြီး နတ်လောကကို အုပ်ချုပ်နေတယ် ။
အဲဒီနတ်မင်းကြီးလေးပါးရဲ့ တရားမျှတစွာ အုပ်ချုပ်မှုကြောင့် နတ်ပြည်က စည်ပင်ဝပြောနေပြီး နတ်ဦးရေလည်းတစတစတိုးပွားလာတယ် ။
အဲဒီတော့ နတ်တို့ အပန်းဖြေစခန်း ဖြစ်တဲ့ မြကန်ဥယျာဉ်ကလည်း နတ် အရေအတွက်များပြားလာတဲ့အတွက်ကြောင့် တဖြည်းဖြည်းညစ်ညမ်း ရှုပ်ပွလာတယ် ။
နတ်မင်းကြီးလေးပါးကလည်း နေ့စဉ်နေ့တိုင်း နားရက်မရှိ နတ်တို့ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ဖြေရှင်းနေရတာကို တဖြည်းဖြည်းပျင်းရိလာကြတယ် ။
အဲဒါကြောင့် နတ်မင်းကြီး တစ်ပါးကနေ စပြီး အကြံထုတ်တယ် ။
အဲဒီ အကြံ ကပြိုင်ပွဲတစ်ခု ပြုလုပ်ပြီး သူတို့လေးဦးထဲက တန်ခိုးကြီးဆုံးသူကို နတ်တို့ဘုရင်ခန့်ဖို့ပဲ ။
ဘယ်လိုမျိုးကို ပြိုင်ကြမှာလဲဆိုတော့ လတ်တလော ပြဿနာဖြစ်တဲ့ ညစ်ညမ်းနေတဲ့ မြကန်ကိစ္စလည်းဖြေရှင်းပြီးဖြစ်သွားအောင် မြကန်လိုမျိုး သာယာတဲ့ ဥယျာဉ်တစ်ခုကို ကိုယ်တွေရဲ့ စိတ်ကူး စိတ်သန်းနဲ့ အလှဆုံးဖြစ်အောင် ဖန်ဆင်း အသာယာဆုံးဖြစ်အောင် ဖန်တီးနိုင်သူကို တန်ခိုးအကြီးဆုံးလို့သတ်မှတ်ပြီး နတ်ဘုရင်ခံအပ်မှာတဲ့ ။
တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတဲ့ သဘောနဲ့ပေါ့ ။
အဲဒီပြိုင်ပွဲကို အဆုံးအဖြတ်ပေးဖို့ဆိုပြီး လောကပါလ အမည်ရှိနတ်တစ်ပါး ကို အကူအညီတောင်းကြတယ် ။
အဲဒီအခါမှာ လောကပါလနတ်က ပြိုင်ပွဲရက် ဖန်ဆင်းဖို့ အချိန်ကို ၆ ရက်သတ်မှတ်၍ ပြိုင်ပွဲကို စတင်လိုက်ကြတယ် ။
အရင်ဦးဆုံး နတ်မင်းလေးပါးက သူတို့ စံမြန်းကြတဲ့ မြင်းမိုရ်တောင်ကို အလယ်ထားပြီး မြေပြန့်ကြီး တစ်ခုဆီကို ဖန်ဆင်းလိုက်ကြတယ် ။
အဲဒီနောက် နတ်မင်းလေးပါးလည်း သူတို့ စိတ်ကူး စိတ်သန်းနဲ့ အလွန်တရာ ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်တွေ အလွန်တရာ မွှေးကြိုင်လှတဲ့ ပန်းမံသစ်ပင်တွေ အလွန်တရာ လှပတဲ့ မြစ်ချောင်းအင်းအိုင် ရေတံခွန်တွေကို သူ့ထက်ငါ အပြိုင်ဖန်ဆင်းကြတယ် ။
အဲလို ဖန်ဆင်းတဲ့အခါ မြေပြန့်တစ်ခုကတစ်ခုကို ဖန်ဆင်းထားတဲ့ တိရိစ္ဆာန်တွေ ကူးခတ်သွားကြမှာကို စိုးပြီး ရေတွေနဲ့ကာရံထားလိုက်ကြတယ် ။
အဲဒီလိုနဲ့ မြေပြန့်လေးခုကနေပြီး ကျွန်းကြီးလေးခုဖြစ်သွားကြတယ်။
အဲဒီလိုပဲ တိရိစ္ဆာန်တွေ မြင်းမိုရ်တောင်ပေါ်ကို ကျူးကျော်မတက်လာအောင် အားကြီးတဲ့ Altas လို့အမည်ရှိတဲ့နတ်ကို မြင်းမိုရ်တောင်ကို ခဏအနေနဲ့ ပင့်မထားခိုင်းလိုက်တယ် ။
အမှန်က Hercules ကို အကူညီတောင်းမလို့ပါ ။ ဒါပေမယ့် ရှာမတွေ့တာနဲ့ Altas ဘက်လှည့်သွားကြတယ် ။ ( နောက်မှ သိရတာက အဲဒီအချိန်တုန်းက Hercules က Prometheus ကို သွားကယ်နေတာတဲ့လေ )
အဲဒီလိုနဲ့ နတ်မင်းလေးပါးက သူတင် ငါတင် ဖန်ဆင်းကြတယ် ။
နတ်မင်းတစ်ပါးကတော့ သူဖန်ဆင်းတဲ့ တောင်ဘက်က မြေပြန့် (ကျွန်း) ကို မှော်ဥယျာဉ် တစ်ခု လိုဖန်ဆင်းတယ် ။
ပြီးတော့ အဲဒီ ကျွန်းရဲ့ အလယ်မှာ လုပ်တိုင်းမဖြစ် ဖြစ်တိုင်းမလုပ်တဲ့ အကြောင်းတရားတွေ ။
အလွန်တရာ သိမ်မွေ့နက်နဲတဲ့ ပဟေဠိတွေ တွေ ရောပြွမ်းနေတဲ့ အဆိပ်အပင်တစ်ပင်ကို ဖန်ဆင်းတယ် ။
အဲဒီအပင်က ဘယ်သူတွေအတွက်အကျိုးရှိမလဲတော့ မသိဘူး နတ်တွေအတွက်တော့ အင်မတန် အန္တရာယ်များတဲ့ အပင် ။
သူဘာကဘယ်လိုစိတ်ကူးရပြီး ဖန်ဆင်းခဲ့တာလဲ သူ့ကိုယ်သူတောင် သတိမထားမိလိုက်ဘူး ။
ဖန်ဆင်းပြီးသွားတော့မှ ပြိုင်ပွဲဝင်တုန်းပဲ ထားပြီး ပြီးရင် ပြန်ဖျက်ပစ်မယ်ဆိုတဲ့ စိတ်ကူးတယ် ။
အဲဒီအပင်ကို တခြား တိရိစ္ဆာန်တွေ လာရောက်ဖျက်ဆီးကျမှာ စိုးပြီးတော့ အလွန်အဆိပ်ပြင်းတဲ့ နတ်မြွေတစ်ကောင်ကို ဖန်ဆင်းပြီး အစောင့်အဖြစ်ထားတယ် ။
တောင်ကျွန်းဖန်ဆင်းရှင်နတ်မင်းက သူဖန်ဆင်းတဲ့ တောင်ကျွန်းကို ဧဒင် ဥယျာဉ် ( နတ် ဘာသာနဲ့ဆို ညီတော် မြကန် ) လို့တောင် အမည်ပေးထားလိုက်သေးတယ် ။
၆ ရက်ပြည့်တဲ့အခါ နတ်မင်းတွေ မြင်းမိုရ်တောင်ကိုပြန်တက်လာကြတယ် ။
အဆုံးအဖြတ်ဒိုင်အဖြစ်တာဝန်ယူရသော လောကပါလ နတ်မင်းက ၇ မြောက်တဲ့နေ့မှာ တိမ်တိုက်တစ်ခုပေါ်ကနေပြီး ကျွန်လေးကျွန်းကို လှမ်းကြည့်လိုက်တယ် ။
( မှတ်ချက် ။ နတ်ပြည်တွင် နတ်သုဒ္ဓါ သာ စားကြသည်။ ခေါက်ဆွဲမစားပါ ။ )
ဘာမှမမြင်ရ အမှောင်အတိ ဖြစ်နေတယ် ။
ဘာလို့လဲဆိုတော့ လောကပါလနတ်မင်းက ပြိုင်ပွဲဝင်နတ်မင်းလေးပါးထက် တန်ခိုးနိမ့်တယ်လေ ။
အဲဒါကို ရိပ်စားမိတဲ့ နတ်မင်းတစ်ပါးက အလင်းဖြစ်စေ လို့ ဆိုလိုက်ရာ စကြာဝဠာတစ်တိုက်လုံး မျက်လုံးကြိမ်းစက်သွားလောက်အောင် လင်းလက်သွားတယ် ။
( တချို့တွေက Helius ကို သွားခေါ်တယ်လို့ ပြောကြပါတယ် )
အဲဒီအခါမှ လောကပါလနတ်က ကျွန်းလေးကျွန်းကို အကဲခတ်တယ်။
အပေါ်စီးမှကြည့်တာမို့လို့ ကျွန်လေးကျွန်းက သူလို ငါလို ပဲ အပြိုင်ကြဲနေကြတယ် ။
အနိုင်အရှုံးကို တိတိကျကျ ဝေခွဲမရဖြစ်နေတယ် ။
အဲဒါနဲ့ပဲ ပြိုင်ပွဲဝင် နတ်မင်းလေးပါး ဘက်လှည့်ပြီး သေချာစစ်ဆေးဆုံးဖြတ်ဖို့ နတ်လွှတ်အကဲဖြတ်ရမယ်လို့ ပြောလိုက်တယ် ။
နောက်တော့ သူ့လက်အောက်က ဗြမ္မာ ၄ ဦးကို ခေါ်လိုက်တယ် ။
ခေါ်ပြီးတော့ တစ်ဦးကို တစ်ကျွန်းစီ စေလွှတ်လိုက်တယ် ။
အဲဒီလို ဗြမ္မာ ၄ ဦး ကျွန်းပေါ်ဆင်းသက်ခါနီး မှာ တောင်ကျွန်းကို ဖန်ဆင်းတဲ့ နတ်မင်းကြီးကတောင်ကျွန်းကို သွားမယ့် ဗြမ္မာကို
သင်သည် ထိုဥယျာဉ်၌ရှိသောအသီးအားလုံးကို စားရသော အခွင့်ရှိသည် ။ ထိုအပင်မှ အသီးကိုမူ မစားရ ဟု တီးတိုးမှာကြားလိုက်တယ် ။
အဲဒီလို အဲဒီလိုနဲ့ ဗြမ္မာ ၄ ဦး မြေပြင်ပေါ်သို့ သက်ဆင်းခဲ့ကြတယ်။
အဒမ်လို့ အမည်ရသော ဗြမ္မာ တောင်ကျွန်းခေါ် ဧဒင်ဥယျာဉ် ပေါ်ကို ခြေချမိလိုက်တာနဲ့ တခါတည်း အလွန်မွှေးတဲ့ ရနံ့ တစ်ခု နှာခေါင်းတွင်းကိုဝင်လာတယ် ။
အဲဒီရနံ့ရှိတဲ့ဘက်ကို သွားကြည့်မယ်လို့ ခြေလှမ်းပြင်လိုက်တုန်းမှာပဲ ခေါင်းပေါ်မှ
ငှက်တစ်အုပ်ပျံသန်းသွားတယ် ။
အဲဒီငှက်တွေက ဘယ်လိုမျိုးငှက်တွေလဲဆိုတာ လိုက်ကြည့်မယ်လို့ ကြံစည်လိုက်ရင်ပဲ သူ့ဘေးကနေပြီး ဒရယ်တအုပ် ဖြတ်ပြေးသွားကြပြန်တယ် ။
အဲဒီလိုနဲ့ ဟိုနောက်လိုက်ရနိုး ဒီနောက်လိုက်ရနိုး ဟိုကြည့်ဒီကြည့်ဖြင့် ဥယျာဉ်ရဲ့ အလယ်ကိုရောက်မှန်း မသိရောက်သွားတယ် ။
ဟိုယောင် ဒီယောင်နဲ့ အချိန်ကလည်း တော်တော်ကလေးကုန်နေပြီ ။
အခုထိ ဘာတစ်ခုမှ မယ်မယ်ရရ ကြည့်ရှုမှတ်သားထားတာ မရှိသေးဘူးဆိုတာကို သတိရသွားတော့ အချိန်မှီ စစ်ဆေးပြီးစီးအောင် ကိုယ်ပွားတစ်ယောက်ကို ဖန်ဆင်းလိုက်တယ် ။
အဲလို ဖန်ဆင်းရာမှာ အဒမ်က သူနဲ့ ထပ်တူ ထပ်မျှတူအောင်ဆိုပြီး ဘယ်ဘက်နံရိုးတစ်ချောင်းထုတ်ပြီး ဖန်ဆင်းလိုက်တယ် ။
အဲဒီ ကိုယ်ပွားကို ဧဝ လို့ အမည်ပေးပြီး ဥယျာဉ်ရဲ့ အနောက်ခြမ်းကို တာဝန်ယူစစ်ဆေးဖို့ တာဝန်ပေးအပ်လိုက်တယ် ။
အချိန်တစ်ခု သတ်မှတ်ပြီး ဒီနေရာမှာပဲ ပြန်တွေ့ကြမယ်ဆိုပြီး အဒမ်လည်း အရှေ့ခြမ်းကို မှတ်သားဖို့ ထွက်လာခဲ့လိုက်တယ် ။
ဗြမ္မာ အဒမ် ထွက်သွားတဲ့ အခါ သူရဲ့ ကိုယ်ပွား ဧဝက ပတ်ဝန်းကျင်ကို စတင် အကဲခတ်တယ် ။
ဥယျာဉ်အလယ်က စပြီး အနောက်ခြမ်းဘက်ကို ဦးတည်ပြီးစတင်မှတ်သားလာခဲ့တယ် ။
ဒီပန်းက ဘယ်လိုပုံရှိပြီး ဘယ်လိုမျိုးမွှေးတယ် ။
ဒီတိရိစ္ဆာန်က ဘယ်လိုသဏ္ဍာန်ရှိပြီး ဘယ်လို ဘယ်လို ။
ဟိုနေရာမှာ ဟိုဟာကြီးရှိပြီး ဟိုလို ဘာညာ နဲ့ ပုရပိုက်ပေါ်တွင် မှတ်သားတယ် ။
သတ်မှတ်ထားတဲ့အချိန်ကို ကပ် မှတ်သားထားတာတွေလည်းတော်တော်လေး စုံလင်သလောက်ဖြစ်နေပြီလို့ ထင်လို့ ဧဝလည်း အာဒမ်နှင့် ချိန်းဆိုထားတဲ့နေရာ ဥယျာဉ်ရဲ့ အလယ် ကို ပြန်လာခဲ့တယ် ။
ဥယျာဉ်အလယ်က အပင်နားကို ရောက်လည်း ရောက်လည်း ရောက်ရော ရူးရူးရှားရှားအသံကြားလို့ လှည့်ကြည့်မိလိုက်တယ် ။
အဲဒီအခါ အပင်ပေါ်ကမြွေကို တွေ့သွားလေသည် ။
မြွေကိုတွေ့သလိုပဲ အဲဒီ အပင်မှာသီးနေသော တစ်လုံးထဲသော အသီးကိုလည်းတွေ့သွားတယ် ။
အဲဒီအသီးက ဧဝ တွေ့ဖူးသမျှ မှတ်သားလာခဲ့သမျှ အသီးတွေထဲမှာ အဆင်းအလှဆုံး အသီးဖြစ်နေတယ် ။
ရနံ့အမွှေးဆုံးအသီးဖြစ်နေတယ် ။
အဲဒီ အသီးကိုကြည့်ရင်းကြည့်ရင်း ဧဝလည်း အရသာမြည်းစမ်းချင်စိတ်တွေ တဖြည်းဖြည်း ဖြစ်လာတယ် ။
အဲဒါနဲ့ပဲ အပင်နားသို့သွားပြီး အသီးကို ခူးမယ် အလုပ်မှာ အပင်ပေါ်က မြွေက ပေါက်မလို့လုပ်တယ် ။
အဲဒီအပင်မှာ အစောင့်အကြပ် မြွေရှိနေတာမို့ အဲဒီအပင်ကို အရင်ကထက် ပိုပြီး စိတ်ဝင်စားသွားတယ် ။
အဲဒါနဲ့ အဒမ်ကို တင်ပြ ဖို့ဆိုပြီး ပုရပိုက်ပေါ်မှာ တသီးတသန့်ရေးမှတ်လိုက်တယ် ။
အဲဒီနောက် မြွေကို နတ်တန်ခိုးနဲ့ အဝေးကို မောင်းထုတ်လိုက်တယ် ။
ပြီးတော့ အဲဒီအပင်က အသီးကို ဆွတ် ခူး ပြီး ..... ။
အဒမ် သတ်မှတ်ထားတဲ့အချိန်နီးလို့ ဥယျာဉ်အလယ်ကို ကတိုက်ကရိုက်ပြန်လာတယ် ။
သူဥယျာဉ်အလည်နားရောက်တော့ ဧဝက ရောက်နှင့်နေပြီ ဘာရယ်တော့ မဟုတ်ဘူး သူမစောင့်ရဘူးဆိုပြီးတော့ တော့ ပျော်သွားတာပေါ့ အဲဒါနဲ့ အမောဖြေလေး အေးအေးလေးလျှောက်လာလိုက်တယ် ။
အဲဒီအချိန်မှာ ဧဝက ယိုင်လဲသလိုလိုဖြစ်သွားတယ် ။
ပြီးတော့ လက်ထဲက ပုရပိုက်တွေနဲ့ အသီးလည်းပြုတ်ကျသွားတယ် ။
အသီးပြုတ်ကျသွားတာလည်းတွေ့ရော အာဒမ် စိတ်ပူသွားတယ် အဲဒီအပင်က အသီးကိုများ ဧဝ စားမိသွားပြီလားဆိုပြီးတော့ ။
အဲဒါနဲ့ ဧဝဆီ အပြေးတပိုင်းသွားကြည့်တယ် ။
ဧဝကတော့ ပတ်ဝန်းကျင် တစ်ခုလုံး ဘာမှ မမြင်တော့သလိုနဲ့ ခေါင်းကို ကိုင်ပြီး မြေကြီးပေါ်ထိုင်ချလို့ ။
အဒမ်လည်း တန်ခိုးရှိတာက ရှိတာပဲ ဒါပေမယ့် ဘာလို တန်ခိုးနဲ့ ဧဝကို ပြန်ကောင်းအောင် လုပ်ပေးရမှန်းမသိတာနဲ့ ဘေးမှာ ထိုင်ပြီး ဧဝရဲ့ ပုရပိုက်တွေ ဖတ်ကြည့်နေတယ် ။
ခဏလောက်ကြာတော့ ဧဝ ပုံစံပြောင်းလာတာကို သတိထားမိလာတယ် ။
ဧဝရဲ့ ဆံပင်တွေ တဖြည်းဖြည်းရှည်ထွက်လာတယ် ။
လက်က အမွှေးတွေလည်းရှည်ထွက် လက်ပုံသဏ္ဍာန်တွေလည်းပြောင်းလာတယ် ။
အာဒမ်လည်း ထူးဆန်းလွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ် ။
တော်တော်လေးကြာတော့ ဧဝ နဂိုရုပ်ပျောက်ပြီး တကိုယ်လုံး အမွှေးအမျှင်တွေ ဖုံးအုပ်နေတဲ့ သတ္တဝါကြီး
ဖြစ်သွားတယ် ။
အဲဒီနောက် စိတ်ရိုင်းတွေဝင် ဝူးဝါး ဝူးဝါး အော်ပြီး ကျနေတဲ့ ပေထုပ်ကို ကောက်ပြီး ထွက်ပြေးသွားတယ် ။
အာဒမ်လည်း ဧဝထွက်ပြေးလို့ ခပ်လှမ်းလှမ်းရောက်မှ အသိစိတ်ပြန်ဝင်လာပြီး ဖမ်းဖို့ ပြန်လုပ်တယ် ။
ဒါပေမယ့် ဧဝက အနားကပ်မခံဘူး ။
ကိုယ်ပွားတစ်ခုဆုံးတာ (နံရိုးတစ်ချောင်းဆုံးတာ) ကိစ္စသိပ်မရှိပေမယ့် ဧဝ မှတ်သားထားတဲ့ ဥယျာဉ်အနောက်ခြမ်းအကြောင်းပါတဲ့ ပုရပိုက်တွေတော့ ရအောင်ယူရမယ် ပြီးတော့ ဧဝ အသီးစားမိတဲ့ကိစ္စကိုလည်း သူများတွေ မသိအောင်လုပ်ရမယ်ဆိုပြီး မရ ရအောင် ဖမ်းတယ် ။
ဒါပေမယ့် မရဘူး ။
ဘယ်လို ဖမ်းရမလဲ ကြံရာမရတဲ့အဆုံး မြင်းမိုရ်တောင်ကို တိတ်တဆိတ်ပြန်တက်တယ် ။
နတ်ပြည်မှာ မျှားပစ်အတော်ဆုံး ဖြစ်တဲ့ cupid ကို အကူအညီ သွားတောင်းတယ် ။
cupid လည်း ကူညီမယ်ဆိုပြီး တောင်ကျွန်းကို လိုက်လာခဲ့ပြီး ဧဝကို မေ့ မျှား ( မေ့ချစ်မျှားစူး သီချင်းထဲ မှ
မျှားမဟုတ်ပါ ။ မေ့ဆေးမျှားကို ဆိုလိုပါသည် ) နဲ့ပစ်ခတ်ဖမ်းဆီးပေးလိုက်တယ် ။
အဒမ်လည်း ဧဝဆီက ပေပုရပိုက်ထုပ်ကို ရပြီးပျော်သွားတယ်။
ကျန်ရှိနေသေးတဲ့ အသီးအပိုင်းကိုလည်း ဧဝ ထပ်စားမိမည်စိုးပြီး သိမ်းထားလိုက်တယ် ။
အဲဒီအချိန်မှာပဲ မြင်းမိုရ်တောင်ပေါ်ကနေပြီး ကျွဲချို မှုတ်သံကြားလိုက်ရတယ် ။
အဓိပ္ပါယ်မှာ ကျွန်းလေးကျွန်းကို ဆင်းသွားတဲ့ ဗြမ္မာတွေ မြင်းမိုရ်တောင်ပေါ်သို့ ပြန်လာဖို့ အချက်ပေးလိုက်တာပေါ့ ။
အဲဒီအခါ အဒမ်မှာ အကြံအိုက်ရပြန်တယ် ။
ဧဝကိုအခုလိုပုံစံနဲ့ ကိုယ်ပွားမှ ပြန်ရုတ်သိမ်းလို့လည်းမရ နတ်ပြည်ကိုလည်း ခေါ်သွားလို့မရ ဖြစ်နေတယ် ။
အဲဒါနဲ့ပဲ ရိုင်းနေတဲ့ ဧဝကို တစ်နေရာမှာ ချုပ်နှောင် ပြီး နတ်ပြည်ကို ကတိုက်ကရိုက် ပြေးတက်သွားတယ်။
နတ်မင်းကြီးများဆီလည်းရောက်ရော တခြားကျွန်းက ဗြမ္မာတွေ ရောက်နှင့်နေပြီ ။
အဒမ် က နောက်ဆုံးပဲ ။
အဲဒါနဲ့ သူလည်း သူ့မှတ်သားထားတဲ့ ပုရပိုက်တွေနဲ့ ဧဝ ပုရပိုက်တွေ ကို လောကပါလနတ် ဆီကို ပေးအပ်လိုက်တယ် ။
လောကပါလ နတ်က ကျွန်းလေးကျွန်းက ပုရပိုက်တွေကို တထိုင်တည်းဖတ်လို့ကုန်မှာ မဟုတ်ဘူး ။
အဲဒါကြောင့် နောက် နှစ်ရက်နေရင်ကျင်းပမယ့် နတ်သဘင် အစည်းအဝေးမှာ ဘယ်သူနိုင်တယ်ဆိုတာ အဆုံးအဖြတ်ပေးပါရစေလို့ နတ်မင်းလေးပါးကို ခွင့်ပန်တယ် ။
နတ်မင်းလေးပါးလည်း ခွင့်ပြုလိုက်ပြီး သူတို့ ဗိမ္မာန်သူတို့ပြန်သွားကြတယ် ။
အားလုံးကိုယ့်နေရာ ကိုယ်ပြန်သွားကြတဲ့အခါ အာဒမ်ကတော့ တောင်ကျွန်းကို ခိုးဆင်း ဧဝ ဆီ ပြန်သွားတယ် ။
သူတန်ခိုးတွေ အသုံးချပြီး ဧဝကို နဂို အတိုင်းဖြစ်အောင် လုပ်တယ် ။
မရဘူး ။
ဧဝကတော့ဘာမှမသိသလိုပဲ ။
အဒမ်လည်း ဧဝ ဘာဖြစ်မှန်းမသိတာဘူး ။
ဘာဖြစ်မှန်းမသိတာနဲ့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ် ။
ဘယ်သူ့အကူအညီတောင်းရမှန်းလည်းမသိဖြစ်နေတယ် ။
အဲဒါနဲ့ နောက်ဆုံး ဧဝ ဘယ်လိုဖြစ်တယ် ဆိုတာသိရအောင် သူ ဧဝစားမိတဲ့ အသီးကို စားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။
အဲဒီအချိန်မှာ တောင်ကျွန်းကို ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ရဲ့ အမှာစကားက နားထဲမှာ ကြားယောင်လာပြန်တယ် ။
ဧဝတောင် တခြမ်းစားပြီးပြီပဲ အပြစ်ပေးမယ်ဆို တခြမ်းစားလည်း ပေးမှာပဲ တစ်လုံးစားလည်းပေးမှာပဲ အပေးခံရမယ့်အတူတူ မထူးဘူးဆိုပြီး စားကြည့်ဖို့ကို ဆုံးဖြတ်လိုက်တယ် ။
အဲဒါနဲ့ သူသိမ်းထားတဲ့ အသီးတစ်ခြမ်းကို ထုတ်ပြီးစားလိုက်တယ် ။
၂ ရက်မြောက်တဲ့နေ့မှာ နတ်သဘင် အစည်းအဝေးကျင်းပကြတယ် ။
အစည်းအဝေးအပြင် နတ်ဘုရင် ခန့်အပ်ပွဲ အခမ်းအနားပေါ့ ။
နတ်မင်းလေးပါးကလည်း ဖင်တကြွကြွ ရင်တမမ ဖြစ်လို့ ။
အစည်းအဝေးစတင်ပြီးတဲ့နောက် လောကပါလနတ်က အရှေ့ဘက်အရပ်က ကျွန်းကြောင်းပြောတယ် ။
အရှေ့ဘက်အရပ်ကို ဆင်းတဲ့ ဗြမ္မာကိုလည်းခေါ်ပြီးတော့ မေးတယ် ။
သူတွေ့မြင်ခဲ့တာတွေနဲ့ သူရေးသားထားတာတွေ မှန်မမှန် ပေါ့ ။
အရှေ့ပြီးတော့ အနောက် ။
အဲလိုပဲ ဗြမ္မာကို ခေါ်မေး ။
အနောက်ပြီးတော့ မြောက် ။
မြောက်ပြီးတဲ့အချိန်အထိ တောင်ကျွန်းဆင်းတဲ့ ဗြမ္မာအဒမ်က မရောက်လာသေးဘူး ။
တောင်ကျွန်းဖန်ဆင်းတဲ့ နတ်မင်းတော်တော်လေး ဒေါသထွက်နေပြီ။ တောင်ကျွန်းအလှည့်လည်းရောက်ကော လောကပါလနတ်မင်းကခေါ်ရော အာဒမ်က မရှိ ။
အဲဒါနဲ့ အာဒမ်ကို နတ်မျက်စိနဲ့ ရှာကြတယ် ။
မြင်းမိုရ်တောင် တစ်တောင်လုံးရှာကြတယ် မတွေ့ဘူး ။
နောက်တော့ နတ်မျက်စိတစ်လုံးက အဒမ် တောင်ကျွန်းမှာရောက်နေတယ်လို့ အသိပေးတယ် ။
ဒီကောင် တောင်ကျွန်းကို ဘာထပ်ပြီးဆင်းလုပ်တာလဲလို့ နတ်မင်းလေးပါးကော လောကပါလနတ်မင်းပါ တိမ်ဆိုင်ပေါ်က တောင်ကျွန်းကို လှမ်းကြည့်လိုက်တဲ့ အခါ ။
သိတယ်မလား နတ်ပြည် နှစ်ရက်က လူ့ပြည်မှာ ဘယ်လောက်ကြာတယ်ဆိုတာ ။
ဤသို့ ဤသို့ဖြင့် .... လေသတည်း။
နေကျယ်ဝန်း
ဟိုးရှေးရှေးတုန်းက ကျွန်တော်မှာသူငယ်ချင်း ၃ ယောက်ရှိတယ် ။
သူတို့တွေကို ကျော်ဇေယျာဟိန်း ။ ကောင်းမြတ်သူ နဲ့ ဝေယံထက်အောင် လို့ခေါ်သတဲ့။
ငယ်သူငယ်ချင်းတွေလေ ။
ပြောမနာဆိုမနာတွေပေါ့ ။
ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် ။
နာမည်က ကျော်ဇေယျာဟိန်းတဲ့ ။
လူပုံကရှုတည်တည်နဲ့ အရမ်းရယ်ရတဲ့ကောင် ။
သူ့ မှာ သူ အရမ်းချစ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
သူ့ပြောပုံအရတော့ ငယ်ငယ်ကတည်းကချစ်တာတဲ့လေ ။
စကားတစ်ခွန်းမှာ အဲဒီကောင်မလေး နာမည်တစ်လုံး မပါရင်မပြီးဘူး ။
ကျွန်တော်တို့ကောင်တွေ အပို့ကောင်းလို့ အဲကောင်နဲ့ အဲဒီကောင်မလေးနဲ့ ဖြစ်သွားကြတယ် ။
ဖြစ်သွားတော့ ဘာပြောကောင်းမလဲ ။ အူမြူးနေတာများ ပါးစပ် နားရွက်တက်ချိတ်နေလားတောင်မှတ်ရ ။
ဒီလိုနဲ့နေလာလိုက်တာတစ်ရက်လည်းရောက်ရော ကျော်ဇေယျာဟိန်း ကျွန်တော့်ဆီရောက်လာတယ် ။
ယိုင်တိုင်ယိုင်တိုင်နဲ့ ။
ဟိုကောင်တွေတွဲလို့ ။
နဲနဲသောက်လာတယ် ။
ရောက်လည်းရောက်ရော အော်ကြီးဟစ်ကျယ်ငိုပါလေရော ။
ဘယ်လိုမှလည်းမေးလို့မရဘူး ။
ကျွန်တော်တို့လည်း ငိုချင်တာထင်ပါရဲ့ ငိုပါစေလေဆိုပြီး ဘာမှမပြောပဲ ထိုင်ကြည့်နေကြတယ် ။
တော်တော်လေးကြာတော့မှ အသံထွက်လာတယ် ။
ငါ အိမြတ်မွန်ကို အရမ်းချစ်တယ်ကွာ တဲ့ ။
အားလုံး အေးအေးဆေးဆေး ဖြစ်သွားတဲ့တစ်နေ့ရောက်ရင် ငါ ရယ် အိ ရယ် ကန်ဘောင်မှာထိုင် သူ့မျက်နှာကို တစ်ဝကြီးကြည့်ပြီး ငါ့ရင်ထဲက အချစ်တွေ ဖွင့်ထုတ်ပစ်ချင်တယ် ။
ပြည်ထောင်စုဥယျာဉ်ထဲက အိမ်တွေမှာ တူတူပုန်းတိုင်းကစားချင်တယ်။
သူစိတ်ကောက်နေတဲ့ မျက်နှာပေးလေးကိုကြည့်ပြီး နှာဖူးလေးကို တောက် ချင်ခဲ့တယ် ဟေ့ကောင် တဲ့ ။
ပြီးတော့ အသံခဏပျောက်သွားတယ် ။
နောက်တော့ ကြမ်းပြင်ကိုလား နံရံကိုလားမသိဘူး ဝုန်း ဆိုပြီး ကောက်ထိုးတယ် ။
ဒါဘာလဲ ဒါဘာလဲ ဆိုပြီး အော်ဟစ်ပြီး သူ့မျက်လုံးကို သူကုတ်တယ် ။
ကျွန်တော်တို့လည်း လှမ်းဆွဲရတာပေါ့ ။
အလင်းဆိုတာဘာလဲ ဟေ့ကောင် တဲ့ ။
ငါ အိ ကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းတို့မသိပါဘူးကွာ ။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေရက်နဲ့ အကူလိုနေတဲ့ ငါ့ဘဝ ဘယ်လိုလုပ် အိ ရဲ့ အားကိုးအားထား ဖြစ်ခွင့်ရမှာလဲ ။
ခေါင်းကို ခပ်မော့မော့ထားပြီး ဘာလဲဗျာ ဘာလဲ ဘယ်လိုလဲ ဘယ်လိုဖြစ်စေချင်တာလဲ ။
ငရဲဆိုတာ ဒါလား ။
ကံဆိုတာ စက်ဝိုင်းဆို ဘယ်မှာလည်း ငါ့ တက် နေ က ဘယ်တော့လင်းမှာလဲ ။
ဘာညာဆိုပြီးအော်ကြီးဟစ်ကျယ် ပေါက်ကွဲတယ် ။
အင်းလေ ငိုချင်းချချင်လည်း ချကောင်းပါတယ် ။
သူက မွေးရာပါ ကြက်မြက်သင့်ရောဂါဖြစ်နေခဲ့တဲ့ကောင်လေ ။
ကျွန်တော်တို့လည်း ငိုကွာ စိတ်ကြိုက်ငို ဆိုပြီး ပုခုံးပုတ်ပေးဖို့ပဲ တတ်နိုင်တယ်။
နောက်တစ်နေ့ တွေ့ကျတော့ ဘယ်လိုလဲဆိုပြီးတောက်ကြည့်တော့ ကိုကျော်က ပြုံးပြီး အေးဆေးပါကွာ ။
ငါ အိ ကိုချစ်တာ မင်းတို့နားမလည်လည်း အိ နားလည်တယ် ။
မင်းတို့မသိလည်း အိ သိတယ် ။
အဲလောက်ဆို ရပြီ ။
လူသိရှင်ကြားချစ်ပြနေရအောင် ငါကရပ်သိရွာသိကောင်လည်းမဟုတ် အချစ်မင်းသားကြီးလည်းမဟုတ် ။
မလိုပါဘူးကွာ တဲ့ ။
တူတူပုန်းတိုင်းမကစားနိုင်ရင်တောင် ခြေနင်းလှေတော့အတူတူနင်းနိုင်ပါသေးတယ်ကွာ။
ဟက် ဟက် ။
ကံကိုကဒီလိုဆိုတော့လည်း ဒီလိုပဲပေါ့ ။
ဒီမှာ ဒီလို လာတွေ့တာကိုတင် တော်တော်ကျေးဇူးတင်လှပါပြီ တဲ့ ။
ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ ။
သူ့နာမည်က ကောင်းမြတ်သူတဲ့ ။
သူကကျောင်းမှာ fighter ။
ကျွန်တော်တို့လည်း သူ့အရှိန်ကြောင့် ကျောင်းမှာအေးဆေးပေါ့ဗျာ ။
သူမှာ သူအရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ။
သူ့ထက် တစ်နှစ်ငယ်ပြီး ရှမ်းတရုတ်မလေးလေ ။
ကျွန်တော်တို့ တောင် သိပ်မကူလိုက်ရပါဘူး ။
ဟိုကလည်း ပါချင်ချင်ထင်ပါရဲ့ ဖြစ်သွားကြတယ် ။
သူတို့ဖြစ်သွားပြီးတဲ့ နောက် အဲဒီကောင်းမြတ်သူဆိုတဲ့ကောင်ကို ဖမ်းလို့ကိုမမိတော့ဘူး ။
သွားရှာကြည့် တိရိစ္ဆာန်ရုံရောက်နေပြန်ပြီ ။
သွားရှာကြည့် ကန်တော်ကြီးရောက်နေပြန်ပြီ ။
အပျော်ကြီးပျော်နေကြတာပေါ့ ။
အဲလိုနဲ့နေလာလိုက်တာတစ်ရက်လည်းရောက်ရော ကောင်းမြတ်သူ ကျွန်တော့်ဆီရောက်လာတယ် ။
ယိုင်တိုင်ယိုင်တိုင်နဲ့ ။
ဟိုကောင်တွေက ဆွဲလို့ ။
နဲနဲသောက်လာတယ် ။
ရောက်လည်းရောက်ရော ဝုန်း ဆိုပြီး ကျွန်တော်တို့ရှေ့က စားပွဲကြီးကို ဆွဲလှန်တယ် ။
လန်တော့မလန်သွားပါဘူး ။
ပြီးတော့ ပြူတင်းပေါက်နားသွားပြီး ကောင်းကင်ကို မော့ကြည့်နေတယ် ။
ခဏကြာတော့ ရှိုက်သံသိုးသိုးသန့်သန့် ကြားလာရတယ် ။
ငါ ရှမ်းလေးကို အရမ်းချစ်တယ်ကွာ ။
ငါ အဖြစ်ချင်ဆုံးကဘာလဲသိလား တဲ့ ။
ငါ လေ ရှမ်းလေးလက်ကိုတွဲပြီးခရေပင်လမ်းမှာ ခရေပန်းကောက်ချင်တယ် ။
မြေနီကုန်းက သူ့ကျူရှင်မှာ ညနေတိုင် စက်ဘီးနဲ့သွားကြိုချင်တယ် ။
မိုးရွာပြီးစ မြေနီလမ်းမှာ အတင်းဖက်နမ်းပြီး ထွက်ပြေးချင်တယ် တဲ့ ။
ဒါပေမယ့်ကွာ ။ ။ ။
အသံတွေတိမ်ဝင်သွားလို့ သေချာမကြားဖြစ်ဘူး ။
သေမယ့်သေလည်း အကုန်သေပါလားကွာ ။
အရင်ဘဝက သတ္တဝါတွေကို မသေမရှင်လုပ်မိခဲ့လို့ ဒီလိုဖြစ်နေရတာလား ကောင်းသန့်ရယ် ။
ငါ့ကို ပြောပါကွာ ငါ့ကို ပြောပါ ဆိုပြီး သူ့ပေါင်ကို နှစ်ချောင်းကို တဗျောင်းဗျောင်း ။
ကျွန်တော်တို့လည်း ဆက်ကြည့်ဖို့အင်အားမရှိတော့တာနဲ့ နှုတ်ခမ်းကိုသာ တင်းတင်းကိုက်နေမိခဲ့တယ် ။
ကောင်းမြတ်သူက မွေးရာပါ အောက်ပိုင်းမသန်ခဲ့တဲ့ wheel chair သမားလေ ။
မင်းစိတ်ကြိုက်သူကို စိတ်ကြိုက်သာ အားရအောင် အပြစ်တင်ပေတော့ ကောင်းမြတ်သူရေ ။
နောက်တစ်နေ့တွေ့ နေသာရဲ့လားလို့ မေးကြည့်တော့ ။
ကိုယ်တော်က မျက်ခုံးလေးပင့်ပြီး သူ့ပုခုံးပေါ်က ရှမ်းမလေးရဲ့ လက်ကို လှမ်းကိုင်လိုက်ပြီး ဒီမှာလေ ငါသီထားတဲ့ ခရေပန်းတွေ ဆိုပြီး ကောင်မလေးခေါင်းကိုညွှန်ပြတယ် ။
ပြီးတော့ ရှမ်းလေး ကိုယ့်ကိုတကယ်တင်နင်းနိုင်တယ်နော် မတော်လို့လဲကျရင်ဘယ်လိုလုပ်မလဲ ။
ဘာညာဆိုပြီး ထွက်သွားကျတယ် ။
ခပ်လှမ်းလှမ်းရောက်မှ ကျွန်တော်တို့ကို လှည့်ကြည့်ပြီး အလေးလှမ်းပြုပြလေရဲ့ ။
ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ ။
သူ့နာမည်က ဝေယံထက်အောင်တဲ့ ။
အဲကောင်ကတော့ နဲနဲ ပျော့စိပျော့စိ ။
လူဗလံလေး ။
ထစ်ခနဲရှိ မျက်ရည်က ပွက်ခနဲပဲ ။
သူ့မှာလည်း သူအရမ်းချစ်တဲ့ကောင်မလေး ရှိတယ် ။
သူကျတော့ ကျွန်တော်တို့တောင်ဘာမှမသိလိုက်ရဘူး သူ့ဖာသူ ဆွတ်ယူသွားတာ ။
သူတို့နှစ်ယောက်ကမှ ချစ်လိုက်တာ တုန်လို့ ဆိုတဲ့အတိုင်းပဲ တစ်ယောက်ထဲတွေ့ရတဲ့အချိန်ကို မရှိဘူး ။
လည်ထားတဲ့နေရာတွေလည်း ဟိုနားသွားလည်း ဝေယံ + ကြာညိုသင်း ။
ဒီနားသွားလည်း ဝေယံ + ကြာညိုသင်း ။
တစ်သက်မခွဲကြေး ထာဝရချစ်မယ် ဘာညာနဲ့ ။
နဲတာမဟုတ်ဘူး ။
ဒီလိုနဲ့ နေလာလိုက်တာတစ်ရက်လည်းရောက်ရော ဝေယံထက်အောင် ကျွန်တော့်ဆီရောက်လာတယ် ။
ယိုင်တိုင်ယိုင်တိုင်နဲ့ ။
ဟိုကောင်တွေက ဖေးလို့ ။
နဲနဲသောက်လာတယ် ။
ရောက်လည်းရောက်ရော ခါးကြားက red label ပုလင်းကို ထုတ် ခွက်ထဲထည့် ဂွပ်ခနဲ သောက်ချ ။
ငြိမ်ပြီးထိုင်နေ ။
အဲလို ၃ ၄ ခေါက်လောက်လုပ်ပြီး တော့ တယ်လီဖုန်းဆိုတာဘာလဲဟင် တဲ့ ။
နှစ်ကိုယ်ကြားစကားဆိုတာကော ဘယ်လိုလဲ တဲ့ ။
တခြားလူတွေ ကောင်မလေးအဆောင်တွေရှေ့သွားပြီး သီချင်းဆိုနေကျတဲ့အချိန်မှာ ငါဘာလုပ်နေခဲ့ရလဲ မင်းတို့တွေသိကြလား ။
ငါ့ ကောင်မလေးကို တခြားကောင်တွေ ကြောင်နေရင်တောင် ဝင်မဖြဲနိုင်တဲ့ကောင် ။
ငါ့ ကောင်မလေး အိပ်မပျော်တဲ့ညတွေမှာ အိပ်ယာဝင်သီချင်း ဖုန်းထဲက သီကျူးခွင့်မရှိတဲ့ကောင် ။
ချစ်တယ်ဆိုတဲ့စကားတွေ သီကုံးပြီး ပါးစပ်အရသာခံခွင့်မရှိတဲ့အကောင် ဘာညာဆိုပြီး ပြောတယ် ။
ုဘုရားသခင် လူတွေအပေါ်မေတ္တာထားတယ်ဆို ဘယ်မှာလဲ ။
ဝဋ်ခံနေရတာဆိုရင်လည်း နောက်ဘဝမှ ၁ဝဆ ၁၅ဆ ပေါင်းခံဝံ့တယ်ကွာ ။
ဒီဘဝမှာတော့ ကင်းလွတ်ခွင့်ပေးကြပါဗျာ ။
ပေးကြပါ ။
ဟေ့ကောင်တွေ ငါ့ကို ကင်းလွတ်ခွင့်ပေးကြပါ လို့အော်တယ် ။
သူရင်ဖွင့်တာကမှ ခေါင်းကိုမူးရော မနည်းလိုက်ကြည့်ရတယ် ။
အင်းဗျာ သူက မွေးရာပါ ဆွံ့အနေတဲ့ကောင်လေ ။
စိတ်ထဲမှာတောင်တစ်မျိုးဖြစ်တယ်ဗျ ။
ဒီဂျော်ကယ်က ဒီတစ်ခါ မျက်ရည်မကျလို့လေ ။
ကျွန်တော်တို့လည်း သူ့ရဲ့အော်ဟစ်နေတဲ့လက်ချောင်းတွေကို ကြည့်ပြီး စို့တက်လာတာနဲ့ အကြည့်လွှဲနေမိခဲ့တယ် ။
နောက်တစ်နေ့တွေ့တော့ကျတော့ တစ်ခုလိုချင်ရင်တော့ တစ်ခုစွန့်ရမှာပဲကွ ။
ငါ့ကောင်မလေးရဲ့တန်ဖိုးကမြင့်လေတော့ ဒီဘဝမှာတွေ့ရဖို့ ငါ့ရဲ့ အသံနဲ့အလှဲအလှယ်လုပ်ခဲ့ရတာပေါ့ကွာ ။
ဘာပဲဖြစ်ဖြစ်နေသာပါတယ် ။
ချစ်တယ်ပြောရုံနဲ့မပြီးတဲ့ကိစ္စတွေအများကြီးပဲ ။
မပြောရလည်း သိပ်တော့မှအရေးမကြီးတာ ။
ချစ်နေဖို့က အဓိကပဲလေ တဲ့။
ဒါဆို
ကျွန်တော်ရော ဟင် ။
ကျွန်တော်ကျတော့ရော ။
ကျွန်တော့်မှာလည်း ကျွန်တော်အရမ်းချစ်တဲ့ ပက်ပက်စက်စက်ချစ်တဲ့ နှစ်နှစ်ကာကာချစ်တဲ့ မြတ်မြတ်နိုးနိုးချစ်တဲ့ အစ်မ တစ်ယောက်ရှိတယ် ။
ဗုဒ္ဓဘာသာမလေးပေါ့ ။
ကျွန်တော့်ရဲ့မသန်စွမ်းသူငယ်ချင်းတွေတောင် သူတို့ချစ်တဲ့ကောင်မလေးတွေကို သူတို့နည်းသူတို့ဟန်နဲ့ချစ်ပြခဲ့တာ အကုန်ကောင်းနေတဲ့ကျွန်တော်က ဘယ်လိုအရေးကြောင့်နှောင့်နှေးနေရတာလဲ ။
ပစ်စလက်ခက်ကြိုးစားခဲ့တယ် ။
ပိုးစိုးပက်စက်ဇွဲရှိခဲ့တယ် ။
အရမ်းကာရော အားစိုက်ခဲ့တယ် ။
၁ က တက်မလာဘူး ။
ဘာလဲ ဘာလဲ ဘာလဲ ဘာလို့လဲ ဘာကြောင့်လဲ ။
အို အသင်လောက ကျွန်တော်တို့နှစ်ယောက်ကို တွေ့စေပြီးမှ ဘာလို့မနီးစေတာလဲ ။
သူနဲ့နီးရစေဖို့ ဘာလို့ကျွန်တော့်ရဲ့အသံ ကျွန်တော့်ရဲ့ အမြင် ကျွန်တော့်ရဲ့အကြား ကျွန်တော့်ရဲ့ ခြေလက် ကျွန်တော့်ရဲ့အသက် တို့နဲ့မလဲလှယ်ခဲ့တာလဲ ။
ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲဗျာ ။
ဘာလဲ အစ်မ က ကျွန်တော်လိုက်မမှီနိုင်လောက်အောင်ကို မြင့်မားနေတာလား ။
ဘာလဲ ကောင်းသန့်ဆိုတဲ့ကောင်က အိပ်မက်ဆိုးတွေပဲသီးသန့်မက်နေရတော့မှာလား ။
ဘာညာဆိုပြီး အော်ကြီးဟစ်ကျယ် ငိုတယ် ။
အုတ်နံရံကို ပစ်ပြက်ထိုးတယ် ။
တံခါးကို ပစ်ပိတ်ကန်တယ် ။
မျက်နှာကြက်ကို ပြေးပိတ်ဆောင့်တယ် ။
ကျွန်တော် ကျွန်တော့်သူငယ်ချင်းတွေဆီလာတယ် ။
ယိုင်တိုင်ယိုင်တိုင်နဲ့ ။
ဖိနပ်ကိုခါးကြားထိုးပြီး ။
နဲနဲသောက်လာတယ် ။
နောက်တစ်နေ့ကျတော့ ... ။ ။
စကားမစပ် ကျွန်တော်သည် ဘုရားသခင်၏ တနင်္ဂနွေနေ့တွင် မွေးသော တနင်္လာသားဖြစ်သည်။
ဟိုးရှေးရှေး တခုသော April လကုန်ခါနီးလောက်တုန်းကပေါ့။ ကျွန်တော်တစ်ကောင်တည်း မြောင်းနှုတ်ခမ်းမှာထိုင်နေပြီး ငါးတွေကြည့်လိုက် ကြယ်တွေရေလိုက်လုပ်နေတယ်။ အဲဒီအချိန်မှာ ကောင်းကင် ကြယ်ကြွေသွားရောဗျ ။ ကြယ်ကြွေတာလဲတွေ့ရော ငယ်ငယ်တုန်းက အဖွားပြောဖူးတာတစ်ခုကို သွားသတိရတယ်။ ဘာလဲဆိုတော့ ကြယ်ကြွေတယ်ဆိုတာတဲ့ ကောင်းကင်က နတ် နတ်သတ်ကြွေပြီး လူ့ပြည်မှာ လူလာဖြစ်တာတဲ့ နင်တို့ ကြယ်ကြွေတာတွေ့ရင် နတ်သတ်ကြွေသွားတဲ့နတ် အတွက် ဆုတောင်းပေးကြတဲ့ ။ ကျွန်တော်လည်း အဖွားပြောတာကြားယောင်ပြီး ဆုတောင်းပေးလိုက်ပါတယ်။ ဘာတောင်းလဲဆိုတော့ နတ်သမီးလေးဖြစ်ပါစေလို့ ။
တစ်ရက် ကျွန်တော်ညက အိပ်ရာဝင်တာနောက်ကျသွားတော့ မနက်ကို တော်တော်နဲ့မနိုးဘူးဗျ။ နားထဲမှာ ဆူညံဆူညံတွေကြားမှလန့်နိုးလာတယ်။ မထချင်သေးတာနဲ့ လှိမ့်ပိမ့်အိပ်လည်း မရဘူးဗျ။ အသံတွေက တော်တော်ကျယ်တယ်။ ကျွန်တော်လည်း ဘာတွေဒီလောက်ဆူညံ နေတာလဲလို့ အပြင်ထွက်ကြည့်လိုက်တော့ ကျွန်တော်တို့ဘေးအိမ်ကို လူသစ်တွေပြောင်းလာတာ ။ မှားလို့ လူအသစ်တွေမဟုတ်ဘူး အဟောင်းတွေပဲ တခါမှမမြင်ဘူးတဲ့လူတွေ ပြောင်းလာကြတာ။ ဘီဒိုတွေရွှေ့ ခုံတွေရွှေ့နဲ့ တော်တော်လေး ဆူညံနေတယ် ။ ကျွန်တော်လည်း ကျွန်တော် အလုပ်မဟုတ်တာနဲ့ ကြည့်မနေတော့ပဲ မနက်စာစားဖို့လုပ် ပြီးတော့ ထုံးစံအတိုင်း မြောင်းနှုတ်ခမ်းမှာ ငါးတွေကြည့်နေလိုက်တယ် ။ နေ့လည်လည်းရောက်ရော မမြင်ဘူးတဲ့လူတွေပြောင်းလာတဲ့အိမ်ထဲက အသံကျယ်ကျယ်တွေကြားလာရတယ်။ ဘာရယ်တော့မဟုတ်ဘူး ဘာတွေလဲဆိုတာ နားစိုက်ထောင် ကြည့်လိုက်တော့ ရာသီဥတုပူတဲ့အကြောင်းတွေ ဖြစ်နေတယ် ။ နေကလဲ တော်တော်ပြင်းတယ်နော် ပျဉ်ထောင်အိမ်မို့တော်သေးတာ တိုက်အိမ်ဆို တော်တော်ဆိုးမှာပဲ တို့ ပန်ကာဖွင့်ပါဟဲ့ ယပ်တောင်ရှာပါဟဲ့နဲ့ ပွက်လောကိုရိုက်နေတာပဲ။ ခဏကြာတော့ ကောင်မလေးတစ်ယောက် ပြူတင်းပေါက်နား လာရပ်တယ်။ နဖူးမှာလည်းချွေးလေးတွေ ဆို့လို့ ပါးစပ်ကလဲ အမလေး။ ပူလိုက် အိုက်လိုက်တာ မိုးရယ်မြန်မြန်ရွာပါတော့ ဆိုပြီးတစ်ယောက်တည်း ရေရွတ်နေတယ်။ ကျွန်တော်လည်း သူ့အလှမှာမြောပြီး အသက်ရှုဖို့တွေမေ့ ဘာတွေမေ့ နောက် မြောင်းထဲချော်ကျသွားရော။ ပလုံ ။ ကျွန်တော်လည်း ရှက်ရှက်နဲ့ ပြန်တက် ပြီး ကောင်မလေးဘာလုပ်မလဲလို့ ကြည့်နေမိတယ်။ ကောင်မလေးကတော့ သူ့လက်ဖဝါးကို ယပ်တောင်လို မျက်နှာကိုခပ်နေလေရဲ့ ။ ကျွန်တော်လည်း ကောင်မလေးကိုကြည့်ပြီး ခင်ချင်လာတာနဲ့ လှမ်းအော်ပြီး နှုတ်ဆက်လိုက်တယ်။
အုံအွမ် ( မင်္ဂလာပါ )
အိမ်ထဲကလူတွေကျွန်တော်အသံလည်းကြားရော
ဟော။ ဖားအော်ပြီ။ တဲ့။
ကောင်မလေးတချက်ပြုံးသွားတယ်။ နောက်ပြီး ကျွန်တော်ရှိတဲ့နေရာကို လှမ်းကြည့်တယ်။ ကျွန်တော်ကို မြင်ပုံတော့မပေါ်ဘူး ။ ကျွန်တော်လည်း အားတက်သွားပြီး ထပ်ပြောတယ်။
အုံအွမ် ( လူသစ်တွေလား )
အုံအွမ် ( အကူညီလိုရင်ပြောနော် )
အုံအွမ် (အခုတလောကတော့ တော်တော်ပူတယ်ဗျ )
လို့ ကျွန်တော် အော် အော်ပြီး ပြောနေတုန်းခြစ်ခြစ်တောက်ပူနေတဲ့နေက တဖြည်းဖြည်း တိမ်ဖုံး ပြီး မိုးတွေဘာတွေအုံလာရော။ မကြာပါဘူး။ မိုးရွာလာပါလေရော။ ကောင်မလေးတစ်ယောက်လည်း ဝမ်းတွေသာပြီးရယ်နေလေရဲ့။ သူ့ညီမဆိုပျော်လွန်းလို့ ထ က သံတောင်ကြားရတယ်။ ကျွန်တော်လည်း မိုးရွာလို့ပျော်ပြီးအော် ။ ကောင်မလေးကြားအောင်လည်း စကားကို အော်ပြောနဲ့ မရှိတဲ့အလုပ်ကို ရှုပ်အောင်လုပ်နေမိတယ်။ မိုးကလည်းတဝေါဝေါနဲ့ ရွာ ။ ကောင်မလေး ပြူတင်းပေါက်မှာရပ်ပြီး ရေမှုန်ရေမွှားလေးတွေမျက်နှာအစင်ခံ ပြီးဆော့နေတာကိုထိုင် ခဏ မအော်ပဲထိုင်ကြည့်နေမိသေးတယ်။ နောက် မိုးတော်တော်လေးသည်းလာတော့မှ ရေပက်လို့ထင်ပါရဲ့ ပြူတင်းပေါက်လေးပိတ်ပြီး ဝင်သွားရော ။
အဲလိုနဲ့ အော်လိုက် မိုးရွာလိုက် ကောင်မလေး ပျော်နေလိုက်နဲ့ ရက်တွေတော်တော်လေးကြာတော့ ကောင်မလေးအစောကြီး အဖြူ အစိမ်းလေးဝတ်ပြီး ထွက်သွားရော။ ညနေလောက်ရောက်တော့ ကျွန်တော်လည်းပျင်းတာနဲ့ ဘိုးဘွားစဉ်ဆက် ရွက်ဆိုခဲ့ကြတဲ့ မိုးခေါ်ဂါထာ ကို ထိုင်ရွတ်နေလိုက်တယ်။ ဂါထာအစွမ်းကြောင့်ပဲလားတော့မသိဘူး မိုးရွာလာတာရော။ မိုးရွာပြီး တော်တော်ကြာတော့ ကောင်မလေးမိုးတွေရွဲပြီးပြန်လာတယ် ။ သူ့အမေက သူလည်းပြန်ရောက်ကော မိုးတွင်းကျောင်းသွားတာ ထီးမယူသွားဘူးလို့ ဆူမလို့လုပ်ပြီးမှ ကောင်မလေးဖြစ်လာတဲ့ပုံကိုမြင်ပြီး မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကို အုပ်ပေးပြီး ခြောက်အောင်သုတ်ဆိုပြီး အိမ်ထဲခေါ်သွားတယ် ။ တစ်ခါတစ်ခါ မိုးချုန်းသံနဲ့ အတူ ကောင်မလေးရဲ့ နှာချေသံကိုပါ ကြားရတယ်။မိုးမိပြီးကောင်မလေးနောက်နေ့ဖျားပါလေရော။ ကျွန်တော်လည်း ကောင်မလေးဖျားတာကျွန်တော့် ပရောဂမကင်းဘူးဆိုပြီး ကိုယ့်ကိုကိုယ်ဒဏ်ပေးတဲ့အနေနဲ့ စကားမပြောဘဲနေလိုက်တယ်။ ၂ ရက် ၃ ရက်လောက်ကြာတော့။ ကောင်မလေးနေပြန်ကောင်းလာပြီထင်ပါရဲ့ ပြူတင်းပေါက်နားမှာမတ်တပ်ရပ်ပြီး မိုးမရွာလို့ ပူလိုက်အိုက်လိုက်တာနဲ့ဖြစ်ပြန်ရော။ အဲဒါနဲ့ကျွန်တော်လည်း ရွာလိုရွာငြား ဂါထာရွတ်ကြည့် ။ ပြန်အော်။ ပြန်ရွာ။
တစ်ရက် ညနေခင်းတစ်ခုမှာပေါ့ ။ မိုးတိတ်ပြီးခါစလေးမှာ ကောင်မလေးရယ် သူ့ညီမ ရယ် စက္ကူတထပ်နဲ့ အပြင်က ခုံတန်းလေးဆီထွက်လာကြတယ်။ ခုံတန်းနားမှာ ကျွန်တော်အိမ်ရှိတာဆိုတော့ ကျွန်တော်အိမ်နားလာတာလို့လဲပြောလို့ရတာပေါ့ ။ ဘာလာလုပ်ကြတာလဲဆိုတော့ မိုးရွာထားလို့ ရေစီးသန်နေတဲ့မြောင်းမှာ လှေပြိုင်လွှတ်ကြတာဗျ ။ ကောင်မလေး ရယ် သူ့ညီမရယ် ခုံတန်းလေးမှာ ထိုင်ပြီး လှေတွေခေါက် ခေါက် နေတာ ခဏလောက်နေတော့ ကောင်မလေး အစမ်းသဘောနဲ့ လှေတစ်စင်းကို လွှတ်ဖို့ ဟိုဖက်တံတားနှုတ်ခမ်းကိုထွက်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်း ဂွင်ပဲဆိုပြီး ကောင်မလေးကို ပေါင်းမရခင် သူ့ညီမကတော့ ကလေးဆိုတော့ ပေါင်းရလွယ်မှာပဲဆိုပြီး သူနဲ့တခုန်အကွာလောက်ကိုလာ ပြီး ခပ်တိုးတိုးလှမ်းခေါ်လိုက်တယ်။ ကျွန်တောအသံလည်းကြားရော ကောင်မလေးညီမက ကျွန်တော်ကို အထိတ်တလန့်ကြည့်ပြီး မမရေ ဖားကြီးဆိုပြီး ငိုမဲ့မဲ့နဲ့ သူ့အစ်မဆီပြေးရော။ သူ့အစ်မက ဟုတ်လား ဘယ်နားမှာတုန်းလို့ ဝမ်းသာသံနည်းနည်းပါတဲ့အသံနဲ့ သူ့ညီမကို ဖက်ထားရင်းမေးတယ် ။ သူ့ညီမက ကျွန်တော် ရှိတဲ့နေရာကို ပြောပြ ကောင်မလေးက မလှမ်းမကမ်းကကြည့် ။ ပထမတော့ မမြင်သေးဘူး ကျွန်တော် က သူရှာနေရမှာစိုးတာနဲ့ ဒီမှာပါ လို့ လှမ်းပြောလိုက်တော့မှ တွေ့သွားတယ်။ တွေ့သွားတော့ ဘာပြောတယ်မှတ်လဲ။ ခဏနေဦး ဘယ်မှမသွားနဲ့ဦးနော် ကျွန်တော့်ကို ပြောသလို သူ့ကိုယ်သူပြောသလိုနဲ့ အိမ်ထဲဝင်သွားတယ်။ ကျွန်တော်လည်း ကောင်မလေး ဘာများဆက်လုပ်မလဲ။ ကျွန်တော်ဆီလာပြီးများ စကားလာပြောမှာလားလို့ စိတ်ထဲမှာ လာစကားပြောရင် ဘာတွေပြောရမလဲတောင်ကြိတ်ပြီး စာစီထားသေးတယ်ခင်ဗျ။ တော်တော်လေးကြာတော့ ကောင်မလေး လက်အိတ်ကြီးဝတ် မီးညက်ကြီးကိုင်ပြီး ကျွန်တော်ဆီကို ဦးတည်ပြီးလာတယ်။ သူ့ညီမကတော့ နောက်နားကနေပြီး မမ သမီးအတွက် အဲလောက်လက်စားချေစရာမလိုပါဘူးတဲ့ လို့လှမ်းပြောတယ်။ အဲဒီအခါ ကောင်မလေးက ဟုတ်ပါဘူး ငါတို့ကျောင်းမှာ ဖားခွဲဖို့ ဖမ်းမလို့ဟဲ့ ဆိုပြီး မီးညက်ကြီး ကျွန်တော်မျက်နှာနားဆီ တိုးလာတယ်။ ( ၁၀ တန်း ၂၀၀၅ -၂၀၀၆ augustine မှာတုန်းက ဖားခွဲရပါ၏ ) ။ ကျွန်တော်လည်း အစက မှန်းထားသလိုမဖြစ်လာတော့နည်းနည်းကြောင်သွားတယ်။ နောက်တော့မှ ဒါအသက်ဘေးပဲဆိုပြီး အော်ပြီး ပြေးရော ။ ဒါတောင် ကောင်မလေးက လိုက်ဖမ်းသေးတယ်ဗျ။ ကျွန်တော်လည်း သူမလိုက်နိုင်လောက်တဲ့ဘက်ကို အော်ပြီး ပြေး။ အော်လို့လားမသိဘူး တိတ်နေတဲ့မိုးက ပြန်ရွာလာ ကျွန်တော်လည်း သူ့မီးညက်ကြီးကိုင်ပြီး ကားယားကားယားလုပ်တဲ့ပုံကို ကြောက်လို့အော် မိုးကပိုသည်း ကောင်မလေးကလည်း မိုးအစိုခံပြီး ဒီနားတင်ပျောက်သွားတယ်ကွာ တောက် အသံကြားနေရပြီးတော့ ဖားဖမ်းသွားနိုင်ရင် ငါ ဖြစ်စဉ်ခြောက်ရပ်မှာ A ရမှာ လို့ သူ့ကိုသူပြောသလို ပြောနေတယ်။ သူ့ညီမကတော့ မိုးရွာလာကတည်းက အိမ်ထဲဝင်သွားလေရဲ့။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ အော်ဟစ်တောင်းပန်ရတယ်။ မလုပ်ပါနဲ့ ဘာညာပေါ့။ အော်တော့ မိုးကပိုသည်း ။ ထပ်အော် ၊ အဲဒီအချိန်မှာ ဖြုန်းဆိုပြီး လျှပ်စီးလက်သွားတယ်။ ကောင်မလေး ရုတ်တရတ်ကြီး မျက်နှာထားပြောင်းသွားတယ်။ နောက် မီးညက်ကြီးပစ်ချပြီး နားနှစ်ဖက်ကို ပိတ်ပြီးအိမ်ထဲပြေးရော။ အဲဒီအချိန်မှာပဲ မိုးက ခြိမ်းပါလေရော။ အဲတော့မှ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ ဟင်းဟင်း ။ ငါ့အလှည့်ရောက်ပြီပေါ့ ကောင်မလေးရယ် ဆိုပြီး အားရပါးရကြီး အော်ဟစ်နေပစ်လိုက်တယ် ။ နောက်လုပ်ဦးမလား ငါ့ကို နောက် လုပ်ဦးမလားဆိုပြီးတော့ ။ အဲလိုလဲဆိုရော လျှပ်စီးတွေ တဖြန်းဖြန်းလက် မိုးတွေ တဂြိန်းဂြိန်း ခြိမ်းပါလေရော ။ ကောင်မလေး က သူ့ညီမနဲ့ဖက်ပြီး အား ကြောက်တယ် ကြောက်တယ်နဲ့ အော် ။ သူ့အော်သံတွေက မိုးခြိမ်းသံတွေထက်တောင် ကျယ်သေးတယ်။ ကျွန်တော်လည်း သူ့အော်သံတွေကြားတာနဲ့ နဲနဲစိတ်ယိုင်သွားသေးတယ် နောက်မှ ငါ့အသက်ကိုရန်ရှာဖို့လုပ်သေးတာပဲ ဆိုပြီး စိတ်ပြန်တင်းပြီး အော်ပြန်ရော။ ဒါပေမယ့် အော်တာ တရားလွန်သွားတယ်ဗျာ ။ အော်လွန်းလို့ မိုးကြိုးပါ ပစ်သွားတယ် ။ အိမ်ထဲကလည်း မိုးကြိုးပစ်သံလောက် နီးနီးကျယ်တဲ့ ကောင်မလေးအော်သံကြီးလည်းထွက်လာတယ်။ နောက်တော့ ကြောက်ပြီးငိုတယ်ထင်ပါရဲ့ ရှိုက်သံတွေပါကြားနေရတယ်။
နောက်မှသိရတယ်ဗျာ။ အဲနေ့က ကောင်မလေးရယ် သူ့ညီမရယ်ပဲ အိမ်မှာရှိတာတဲ့။ ကျွန်တော်လည်း လုပ်မိတဲ့အတွက် တော်တော်လေးနောင်တရမိတယ်။ ကျွန်တော်အော်လို့ မိုးရွာတာပဲဖြစ်ဖြစ် သူ့ဖာသူ ရွာတာပဲဖြစ်ဖြစ် ကျွန်တော် ပယောဂမကင်းဘူးဆိုပြီး ကိုယ့်ကိုကိုယ်လည်းတော်တော်စိတ်တိုမိတယ်။ အဲဒါနဲ့ပဲ စကားမပြော အစားမစားပဲ ဒဏ်ပေးလိုက်ပြန်ရော။
၂ ရက် ၃ ရက်လောက်ကြာတော့ ကောင်မလေး ပြူတင်းပေါက်နားရပ် ပူတယ် အိုက်တယ် ဖြစ်ပြန်ရော။ အဲတော့ ကျွန်တော်လည်း ထုံးစံအတိုင်း သိတယ်မလား ။ ခုတော့ ကျွန်တော်လည်း နဲနဲနပ်သွားပြီ ။ အရင်လို အရမ်းစွတ်အော်မနေတော့ဘူး ။ ရက်ခြားလေး အော်ပေးတယ် ။ မိုးလည်းမခြိမ်း မိုးကြိုးလည်းမပစ် ပူလည်းမပူ အိုက်လည်း အိုက်။ အေးဆေးပဲ ။ ဒါပေမယ့် တစ်ရက်လည်းရောက်ရော မိုးတိတ်ပြီးတယ်ဆိုရုံလေးမှာ ကောင်မလေး ကျောင်းကပြန်လာတယ် စာအုပ်လေးတွေပိုက်ပြီး။ အိမ်ရှေ့တံတားပေါ်လည်းရောက်ရော စွတ် ခနဲဆို ဖင်ထိုင်ရက် ချော်လည်းပါလေရော။ ကျွန်တော်လည်း ကောင်မလေး ဆင်မယဉ်သာလျှောက်နေရာကနေ ချော်လဲသွားတော့ ကြောင်ကြည့်နေမိတယ်။ ကောင်မလေး တော်တော်နဲ့ ပြန်မထနိုင်သေးပဲ သူ့ညီမကို လှမ်းအော်ခေါ်နေတယ်။ သူ့ညီမ ထွက်မလာပဲ သူ့အမေပဲပြေးထွက်လာပြီး ထူသွားတယ်။ တံတားကို ဖနောင့်နဲ့ပေါက်ပြီးလည်း ဖွက် ဖွက် နဲ့လုပ်သွားတယ် ပြီးတော့ သမီးရယ် စာမေးပွဲနီးမှ ချော်လည်းရတယ်လို့ နဲ့ ဂရုဏာဒေါသနဲ့ပြောတယ်။ ကောင်မလေးကတော့ သူ့တင်ပါးကို ကိုင် ၊ ထော့နဲ့ထော့နဲ့ နဲ့ သမီးလည်း လဲချင်လို့မှမဟုတ်တာ တံတားမှာရေညိတွေ တက်နေတာကိုး လို့ ငိုသံဝဲလေးနဲ့ပြောတယ်။ အဲတော့ သူ့အမေက တက်မှာပေါ့ မိုးကဘယ်လိုရွာနေမှန်းမှမသိတာ ဖြိုက်ဖြိုက် ဖြိုက်ဖြိုက် ရွာလိုက် ဖြိုက်ဖြိုက် ဖြိုက်ဖြိုက် ရွာလိုက်နဲ့ တကတည်း ဆိုပြီး အိမ်ထဲဝင်သွားကြတယ် ။ ကျွန်တော်မှာ ဘာပြောရမှန်းတောင်မသိဘူး ပါးစပ်လေးဟပြီး ၅ မိနစ်လောက်တောင် ငိုင်နေမိတယ်။ နောက်တော့ ဘာလုပ်လည်းသိလား။ ထုံးစံအတိုင်းပဲ စကားမပြော အစားမစားပဲ အပြစ်ပေးလိုက်တယ်။ ၃ ၄ ရက်လောက်ကြာတော့ ကျွန်တော်မနေနိုင်တော့ဘူး။ ဆာလွန်းလို့ သေတော့မယ်။ အဲဒါနဲ့ပဲ ပြန်စား ပြန်ပြောဖြစ်တယ်။ နိုဝင်ဘာလ ရောက်လာတော့ ဆောင်းဝင်လာပြီထင်ပါရဲ့ ကောင်မလေးကတော့ ပြူတင်းပေါက်နားလာပြီး ပူလိုက်တာ အိုက်လိုက်တာလို့ရပ်မပြောတော့ဘူး ။ ကျွန်တော်လည်း အေးအေးဆေးဆေး မြောင်းနှုတ်ခမ်းလေးမှာ ထိုင် ကောင်မလေး ကျောင်းသွားရင် ကြည့် ကျောင်းပြန်ရင်ကြည့် စာကျက်ရင် နားထောင် တခါတခါ ကောင်မလေး ပြူတင်းပေါက်နားရပ်မိတယ်ဆိုရင်လည်း ကြည့်ပေါ့ ။ ကျန်တဲ့အချိန်တွေဆိုရင်တော့ ငါးတွေကြည့် ။
ဒီလိုနဲ့နေလာတာ ပြက္ခဒိန်တောင် တပတ်လည်ပြီး ဖေဖော်ဝါရီလလည်လောက်ပြန်ရောက်လာတယ်။ တစ်ရက် ကျွန်တော် မြောင်နှုတ်ခမ်းမှာ ထိုင် ငါးတွေကြည့်နေတုန်း နားထဲမှာ ထူးထူးဆန်းဆန်း အသံကြားလိုက်ရတယ်ဗျ။ ဘာသံလဲဆိုတော့ သင်္ကြန်စာ ရောင်းတဲ့လူရဲ့အသံ။ သူအော်နေတာက ဒီနှစ် ဗုဒ္ဓဟူးဂြိုလ်မင်းက ဂဠုန်စီးပြီး လက်တစ်ဖက်မီးတုတ် လက်တစ်ဖတ်က သဲတစ်ဆုတ် ကိုင်ဆင်းမယ်တဲ့ အဓိပ္ပါယ်က နွေ အရောက်စောမယ် အရင်ကထက်လည်း ပိုပူမယ် မိုးခေါင်မယ် တဲ့ ကျန်တာတွေတော့ မကြားတော့ဘူး ဝေးသွားလို့ ။ အဲဒီအသံလည်း ကြားရော ကောင်မလေးတို့ အိမ်ထဲမှာ ကြွက်စီကြွက်စီဖြစ်သွားကြတယ်။နောက် နှစ်ရက်လောက်လည်းနေရော အိမ်ထဲက အသံကျယ်ကျယ်တွေကြားလာရတယ်။ ရာသီဥတုပူတဲ့အကြောင်းတွေ ဖြစ်နေတယ် ။ တက်နေကလည်း တော်တော်ပြင်းတယ်နော် ပန်ကာဖွင့်ပါဟဲ့ ယပ်တောင်ရှာပါဟဲ့နဲ့ ဆူနေကြတယ်။ ခဏလောက်ကြာတော့ ကောင်မလေးတစ်ယောက် ပြူတင်းပေါက်နား လာရပ်တယ်။ နဖူးမှာလည်းချွေးလေးတွေ ဆို့လို့ ပါးစပ်ကလဲ အမလေး။ ပူလိုက် အိုက်လိုက်တာ မိုးရယ်မြန်မြန်ရွာပါတော့ ဆိုပြီးတစ်ယောက်တည်း ရေရွတ်နေတယ်။ကျွန်တော်လည်း ကောင်မလေး ပူအိုက်နေတာကို မကြည့်ရက်တာနဲ့ မိုးခေါ်ဂါထာရွတ်ကြည့်ဖို့စဉ်းစားသေးတယ်။ ဒါပေမယ့် မတ်လ ဧပြီလ ဆို မရွတ်ဆိုဖို့ ကျွန်တော်တို့ တွေကို တားမြစ်ထားတယ်။ ဘာလို့လဲဆိုတော့ မြွေရန်ကြောင့်တဲ့ ။ ကျွန်တော်လည်း မြွေရန်ကို ကြောက်ပြီး မအော်ပဲ နေလိုက်သေးတယ်။ နေ့လည်လောက်လည်းရောက်လာရော ကောင်မလေးညီမ က မမ ရေ မိတ်တွေကယားတယ် လို့ငိုပြီးပြောတယ်။ ကောင်မလေးက အေး မငိုနဲ့ မမ ပေါင်ဒါလိမ်းပေးမယ်နော် ညီမလေး ဆိုပြီး ယပ်တောင် တဖြတ်ဖြတ်ခတ်သံ သူ့ ညီမ ရဲ့ ညီးတဲ့အသံတွေကြားလာရတယ်။ ကျွန်တော်လည်း ကောင်မလေးတို့ ဖြစ်ပျက်နေတာကို မခံစားနိုင်တော့ပဲ ဂါထာရွတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အော်တယ်။ နေပူတယ်။ အော်တယ်။ ကျွန်တော် အမျိုးတွေတားတယ်။ အော်တယ် ။ ကောင်မလေး ပူလိုက်တာလို့ ပြူတင်းပေါက်မှာ ငြီးတယ်။ အော်တယ် ။ ကျွန်တော့်အမျိုးတွေ ကျွန်တော်ကို ပစ်ပြီး တစ်ခြားကိုလစ်တယ်။ အော်တယ် ။ ကောင်မလေးညီမ ပူလို့ငိုတယ်။ အော်တယ် ။ ထပ်အော်တယ်။ ဆက်အော်တယ်။ ဘယ်ကဖားတုန်းဟ နွေခေါင်ခေါင်ကြီး အော်နေတာ ... ။
တပတ် နှစ်ပတ် တစ်လ နှစ်လ ။ ကျွန်တော်လည်း အော်ရလွန်းလို့ လည်ချောင်းတွေကွဲ ရင်ခေါင်းတွေပြဲပြီး သေရော ။
ဟိုးရှေးရှေးတုန်းက ကျွန်တော်သည် ကျိန်စာသင့်၍ဖားတစ်ကောင်ဖြစ်ခဲ့သည်။
ဘာလိုလိုနဲ့ဆောင်းဝင်လာပြီဗျ ။
ဆောင်းရောက်ရင်ခင်ဗျားတို့ဘာလုပ်ကြလဲ ။
အနွေးထည်တွေဝတ် ရှိုးထုတ်ကြမှာပေါ့ ။
စောင်ခြုံပြီးပဲကွေးနေကြမလားပဲ ။
ကျွန်တော်တို့ကတော့ ဆောင်းတွင်းရောက်ရင် အကပိုးက ထလာကြတယ် ။
ဆောင်းရောက်ရင် လမ်းမီးတိုင်အောက်မှာ ကခုန် ကြတာ ကျွန်တော်တို့အတွက်ကရိုးရာလိုကိုဖြစ်နေတာ ။ ကျွန်တော် အဘေး ၊ အဘိုး ၊ အဖေ တို့လည်း မီးတိုင်အောက်မှာ ကရင်းနဲ့ပဲ သေကုန်ကြတာ ။
ကျွန်တော်တို့လဲ ခေါင်းထဲမှာ ဆောင်းဝင်ရင် မီးတိုင်အောက် ကကြမယ် ။
ဖားလိုက်ရင် ရှောင်မယ် ။
မမှီရင် သေကြမယ် ။
ဒါပဲရှိ ။
တစ်ရက် ကျွန်တော် အိမ်နားက ဓာတ်တိုင်မှာ စုရုံးစုရုံးနဲ့ က ပွဲစတော့မယ် ။
ကျွန်တော်လဲ ဖုတ်ဖတ်ခါထပြီး မှီအောင်လိုက်ရတာပေါ့ ။
ဒါပေမယ့်ဗျာ တော်တော်ဆိုးပါတယ် ။
ကရတာမလွတ်လပ်ဘူး ။
နဲနဲယိမ်းလိုက် တိုက်မိလိုက် နဲနဲခါလိုက် တွန်းမိလိုက်နဲ့ ။
ကြာတော့ပေါက်လာပြီး နေရာပြောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ တိုင်အောက်ခဏဆင်းထိုင်နေတော့ လမ်းဘေးနားကနေပြီး ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ ကျွန်တော်များ ဘာညာ ဘာညာဆိုပြီး အသံမြည်တဲ့ ဆိုက်ကားကြီး အနားကဖြတ်လာတယ် ။
ကျွန်တော်လည်း အဲဒါကြီးပေါ်တက်လိုက်ပြီး နေရာသစ်ရှာရင်တော့ တွေ့ကောင်းပါရဲ့ဆိုပြီး ခုန်တက်ပစ်လိုက်ရော ။
ဆိုက်ကားကြီးက ဟိုကွေ့ ဒီပတ် နေရာတွေတော်တော်စုံ ပါတယ် ။
ဒါပေမယ့် ရှင်းတဲ့နေရာကို စိတ်ကြိုက်မတွေ့ဘူးဖြစ်နေတယ် ။
အဲဒါနဲ့ ဆက်လိုက်လာ ဆက်လိုက်လာရင်း တစ်နေရာအရောက် ဖြုန်း ဆိုပြီး အမှောင်တိကျသွားတယ်။ ကျွန်တော်လည်း လန့်ဖြန့်သွားတယ် ဘာများဖြစ်တာတုန်းဟ ဆိုပြီး ။
ဆိုက်ကားနင်းတဲ့လူကြီးကတော့အေးဆေးပဲ ဟောမီးတောင်ပျက်သွားပြီ ဆိုပြီး ဒါပဲပြောတယ် ။
ကျွန်တော်ကတော့ ဘာဖြစ်တာမှန်းမသိတော့ လန့်လို့ဖြန့်လို့ပေါ့ ကြောက်ပြီး ဆိုက်ကားပေါ်ကတောင် ချော်ကျရော။
ကျွန်တော် ပြုတ်လဲပြုတ်ကျရော ခြေဦးတည့်ရာတောင် လျှောက်ပြေးမိသေးတယ်ဗျ ။ နဲနဲလေးသွေးအေးသွားတော့မှ ဘေးဘီကြည့်မိတော့ ဟိုနား စစ စစ ဒီနား စစ စစ မီးလေးတွေလက်လာတယ် ။
ကျွန်တော့် နား က အိမ်ပြူတင်းပေါက်မှာလည်းမီးလေး လင်းနေတယ် ။
ကျွန်တော်လည်းအဆင်ပြေရင် အဲဒီမှာပဲ ကမယ်ဆိုပြီး ပြူတင်းပေါက်ဘောင်နားရောက်အောင်သွား ။
ခုန်တက် ။
ဘာတွေ့လဲဆိုတော့ ကောင်မလေးတစ်ယောက်ဗျ ။
စာကြည့်စားပွဲမှာ စာထိုင်လုပ်နေတာ ။
ကျွန်တော်လဲ သူ့နားက မီးတိုင်တိုလေးက တော်တော်လေးလက်တယ်ဆိုပြီး က ဖို့ သူ့ရှေ့က နံရံကိုပြေးကပ်လိုက်တယ် ။
ချက်ခြင်းပဲ ဘယ်တုန်းကတည်းက ချောင်းနေလည်းမသိတဲ့နွားက ကျွန်တော့် ပေါင် ပြေးဆွဲတယ် ။
ကျွန်တော်လဲ ကြောက်အားလန့်အားနဲ့ အတင်းရုန်း ဟိုကိုယ်တော်ကလည်း အတင်းဆွဲနဲ့ ရုန်းရင်းဆန်ခတ် နံရံပေါ်မှာ ဖလူးဖလဲ ဖြစ်နေရော ။
အဲဒီအချိန်မှာ ဟဲ့ ဟဲ့ ဆိုတဲ့ အသံနဲ့ စာထိုင်လုပ်နေတဲ့ကောင်မလေး ကျွန်တော့်ကိုကိုက်ထားတဲ့ ကောင်ကို ခတ်ဆက်ဆက် လှန်းပုတ် လှန်းရိုက်လုပ်လိုက်တယ် ။
ကောင်မလေးဆိုတော့ ကြောက်ကလည်းကြောက်ပြန် သူ့ရှေ့မှာ အဲလိုဖြစ်နေတာကိုကြည့်ကလည်းမကြည့်ရဲ သူလာပုတ်တဲ့ဒီဇိုင်းက တော်တော်တော့ရယ်ရတယ်ဗျ ။
ကျွန်တော်တောင်အကိုက်ခံနေရတုန်းကြီး သူ့ကိုခဏငေးကြည့်နေမိသေးတယ် ။
ဖုတ် ။
ကျွန်တော်ကိုယ်လုံး သူ့စားပွဲပေါ်က စာအုပ်ပုံပေါ်ပြုတ်ကျသွားတယ်။
ဟို ကလေကဝ ကတော့ နံရံ ပေါ်တက်ပြေးပြီ ။
ကျွန်တော်လည်း အကိုက်ခံရတဲ့ ပေါင်ကို ပြန်ဆန့် နဂိုအတိုင်းမှ ကောင်းသေးရဲ့လားလို့ပြန်စစ် တောင်ပံ ခတ်ကြည့်နဲ့ လုပ်နေတုန်း ကောင်မလေး စာပြန်လုပ်ဖို့ ကုလားထိုင်မှာပြန်ထိုင်လိုက်တယ် ။
ကျွန်တော်လည်း သူဘာဆက်လုပ်မလဲ ကြည့်နေတုန်း ကျွန်တော် နင်းထားတဲ့အောက်က သူ့စာအုပ်က စာတချို့ကို ဖတ်မိသွားတယ် ။
ဘာတွေရေးထားလည်းဆိုတော့ မxxx ဒဿမတန်း ဃ မြန်မာသဒ္ဒါ တဲ့ ဘာအဓိပ္ပါယ်လည်းဆိုတာတော့ ကျွန်တော်လည်းနားမလည် ။
သူကတော့ ကျွန်တော်ရှိမှန်းတောင်မသိဘူး သူ့ဖာသူစာရေးနေလေရဲ့ တော်တော်လေးကြာတဲ့အထိ သူ့ ကပိုကရိုကျဖြစ်နေတဲ့ သူ့ဆံပင် ပျက်လုပျက်ခင်ဖြစ်နေတဲ့ သူ့သနပ်ခါး ဆောင်းတွင်း နှာစေးပြီးနီနေတဲ့သူ့နှာခေါင်း ရေးနေတဲ့စာကို လိုက်ရွတ်နေတဲ့သူ့နှုတ်ခမ်း သူ့လည်တိုင် သူ့လက်မောင်း သူ့ .. သူ့ .. အို.. သူ့တစ်ကိုယ်လုံး ကျွန်တော်မျက်စိနဲ့ မြင်ရသမျှအရာအားလုံးကို အသက်ရှုမေ့ အတိတ်မေ့လောက်အောင်ကိုကြည့်နေ မိတယ် ။
အသက်ရှုကျပ် မျက်လုံးတွေပြာလာတော့မှ သတိဝင်လာပြီး အကြည့်တွေလွဲ ကျေးဇူးတင်ကြောင်းပြောဖို့လုပ်တယ် ။
ကျေးဇူးတင်ကြောင်းပြောဖို့ ကျွန်တော် ကောင်မလေးစာရေးနေတဲ့လက်ပေါ် ခုန်တက်လိုက်တယ် ။
ဆတ် ခနဲ လက်ကိုဆွဲခါလိုက်တယ် ကောင်မလေး ကျွန်တော့်ခြေက အဆူးတွေကြောင့်ထင်ပါရဲ့ လန့်သွားတယ် ။
ကျွန်တော်လည်း ဘေးကိုအမြန်ခုန်ဆင်းပြီး ရှောင်ရတာပေါ့ ။
ကောင်မလေးက ဟိုကြည့်ဒီကြည့်နဲ့ စာပြန်လုပ်နေလိုက်တယ် ။
တအောင့်လောက်ကြာတော့ ကျေးဇူးတင်ကြောင်းပြဖို့ နောက်တစ်ခေါက် ကောင်မလေး စာရေးနေတဲ့စာအုပ်ပေါ် ခုန်ချလိုက်တယ် ။
ဘုတ် ခနဲမြည်သွားတယ် ကောင်မလေး စာထဲဘယ်လောက်တောင်စိတ်ဝင်စားနေလည်းဆို ထိုင်ခုန်က ခုန်တက်ပြီးတောင် လန့်သွားတယ် ။
ဒီပုရစ် တယ်.. လုပ်လိုက်ရ ဘာညာဆိုပြီး စာအုပ်နဲ့ ကျွန်တော်ကို ပြူတင်းပေါက် အပြင် မောင်းထုတ် .. မောင်းထုတ် လုပ်ပြီး ပြူတင်းပေါက်ပိတ်လိုက်တယ် ။
နောက် သူလည်းမီးပိတ်ပြီးအိပ်ရော ။
နောက်နေ့ မီးလာတယ်ထင်ပါရဲ့ လမ်းမှာ ထိန်ထိန်ကိုငြီးလို့ ။
သူကတော့ ပုံမှန်အတိုင်း မီးလေးထွန်း စာလေးဖတ် ကျွန်တော်က အဟဲ မီးတိုင်အကွယ် မှောင်ရိပ်လေးမှာပေါ့ ။
ဘာရယ်တော့မဟုတ်ဘူး သူ့ကို ထိုင်ကြည့်နေတာ ။
ဒီနေ့တော့မတူဘူးဗျ မနေ့ကနဲ့ ဆံပင်လေးကဘယ်လို ဟိုလေးက ဟိုလို ဒီဟာလေးကျတော့ ... သူ့အကြောင်းသာပြောနေရင် ကျွန်တော့်သက်တမ်းနဲ့တောင်လောက်မယ်မထင်ဘူး ။
မပူပါနဲ့ ခင်ဗျားတို့သက်တမ်းနဲ့လည်း မလောက်ဘူး ။
စိတ်ချ ။
ကျွန်တော်လည်း သူနဲ့တွေ့မှ မီးတိုင်အောက်မှာ က ရကောင်းမှန်းမသိ အန္တရယ် ရှောင်ရကောင်းမှန်းမသိတွေကိုဖြစ်လို့ ။
သူ့ကိုတွေ့ရင် လုပ်နေသမျှတွေရပ် ပြီးမကြည့်ပဲကိုမနေနိုင်တာ ။
ဘယ်လိုဆွဲအားမှန်းကိုမသိဘူး ။
သိအောင်လည်းမစဉ်းစားချင်ဘူး ။
သိလည်းမသိချင်ဘူး ။
ကျွန်တော်လည်း ကြည့်လေ ပိုကြည့်ချင်လေ ။
ပိုကြည့်လေ ပိုပိုကြည့်ချင်လေတွေဖြစ် ။
နောက်ဆုံး လောဘက သူ့ကိုလက်ကိုကိုယ်တွယ်ကြည့်ဖို့အထိတောင်တပ်မက်လာရော ။
ဒါပေမယ့် ဖြစ်နိုင်ပါဘူးလေ ဟိုတစ်ခေါက်က လက်ပေါ် အမှတ်မထင်ခုန်တက်တာတောင် ဒီလောက်လန့်တာ သက်သက်ကြီးသွားထိဖို့ဆိုတာလွယ်လောက်ဖူး ဆိုပြီး သက်ပြင်းရှည်လေးချ စိတ်ကိုလျော့လိုက်ရတယ် ။
အဲဒီအချိန် ဖြုန်း ဆိုပြီး ပျက်ပြန်ပါရောလား မီးက ။
ကျွန်တော်လည်း ကျ နေတဲ့စိတ် ဝုန်း ဆိုပြန်တက် ပြီး သူ့လက်ကို မှောင်ရိပ်မှာ ကိုင်ဖို့ ဆုံးဖြတ်လိုက်မိတယ် ။
အဲဒါနဲ့ ကျွန်တော်လည်း သူ့နားကို ဖြေးဖြေး ။ ဖြေးဖြေး နဲ့သွား သူ့လက်ကို လှမ်းကိုင်မယ်အလုပ် ။
သမီးရေ အင်ဗိုက်တာ ဖွင့်လိုက်ဦး ဒီမှာ ကိုရီးယားကား မပြီးသေးဘူး လို့သူ့အမေက လှမ်းအပြော ။
သူက လည်း ဟုတ်ကဲ့လို့ အော်ပြီး စားပွဲကို လက်ထောက်ပြီးအထ ။
ကျွန်တော် သူ့ စာရေး ဘောပင်ချထားတဲ့နားလေးမှာ ကားယားလေးမှောက် နေတယ် ။
အတင်းကုန်းပြီးထကြည့်တယ် မရဘူး ၊ တောင်ပံတွေ ကော ခတ်ကြည့်တယ် ။
လေတောင်မဟပ်ဘူး ။
ဒုက္ခပဲ ငါဘယ်လိုလုပ်ရမလဲ ကယ်ပါဦး ဦးနှောက်ထဲ သွေးရူးသွေးတန်းနဲ့ အတွေးတွေ စုံပလုံစိနေအောင်ဝင်လာတယ် ။
အဲဒီအချိန်မှာ ကောင်မလေး ရောက်လာပြီး ကျွန်တော့်ကိုတွေ့သွားတယ် ။
ကျွန်တော်ဖြစ်နေတာကိုတွေ့ ပြီးလည်း မျက်နှာလေးအိုသွားတယ် ငါဖိလိုက်တာလားမသိဘူးဆိုပြီး သူ့ဖာသာသူပြန်ပြောလိုက်တယ် ။
သေတော့မှာပဲ ဆိုပြီးလည်း ဆက်ပြောတယ်။
ကျွန်တော်လိုလမ်းဘေးမွေး လမ်းဘေးသေတဲ့ ကောင်ဒုက္ခဖြစ်တာကို သူက အရေးတယူလုပ်ပြီး သေတော့မှာပဲ ဘာညာလုပ်တော့ အရူးဘုံမြောက်သလို ဘာပြောကောင်းမလဲ ။
နာတာ ကြင်တာ သေမှာတွေလည်း ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး သူ့စကားပဲနားထဲ အထပ်ထပ်ကြားပြီး ကြည်နူးနေတုန်း ။
ညီမလေးရေ ဒီမှာငါဖိမိလို့ ပုရစ် အသက်ငင်နေတယ် ဘယ်လိုလုပ်ရမလဲ လို့ လှမ်းမေးလိုက်တယ် ။
အခန်းထဲကနေပြီး သတ္တဝါဆိုတာ လူချွတ်မှကျွတ်တာ မမ သတ်ပစ်လိုက် တဲ့ ။
အဲဒီအချိန်မှာပဲ ကောင်မလေး ကျွန်တော် ပြုတ်ကျခဲ့ဖူးတဲ့စာအုပ် မxxx ဒဿမတန်း ဃ မြန်မာသဒ္ဒါ ဆိုတဲ့စာအုပ်ကို ယူ ။
လိတ် ။
ပြီးတော့ ။
.... ။ .... ။
အသင် ဝမ်းနည်းပါသလား ။
ဝမ်းမနည်းပါ။
ကောင်းပြီ။
နောက်ဆုံးဆုကိုပြုလော့ ။
နောက်ဘဝမှာလည်း ဒီကောင်မလေးနားမှာပုရစ်တဖန်ဖြစ်ရပါလို၏ ။
နောက်ဘဝမှာ ဒီကောင်မလေးကိုအနှောက်အယှက်ပေးတဲ့ပုရစ်မဖြစ်လိုပါ ။
ကဲ.. ဘယ်ဆုပြည့်မလဲတော့ မပြောတတ် ။ ။
ဟိုးရှေးရှေးတုန်းကကျွန်တော်မှာကျွန်တော်တစ်ယောက်ရှိတယ် ။
အဲဒီ ကျွန်တော်မှာကျွန်တော်အရမ်းချစ်တဲ့ ကြောင်လေး ၊ ခွေးလေး ၊ ငှက်လေးနဲ့ ။
ကောင်မလေးတစ်ယောက်ရှိတယ် ။
ကျွန်တော်မှာကြောင်လေးတစ်ကောင် ရှိတယ် ။
အဲဒီကြောင်လေးကကြောင်ဖြူလေး၃လသားလောက် နာမည်က .... တဲ့။
ကြောင်ထီးလေးဗျ ။
အဲဒီကြောင်လေးကို ကျွန်တော် ကျွန်တော်ဦးလေးက သူအသိဆီကတောင်းပြီး ကျွန်တော်တို့အိမ်ကိုပေးတယ် ။
ကြွက်ပေါလို့တဲ့လေ ။
ကျွန်တော်က အဲဒီကြောင်လေးကို အရမ်းချစ်တာ ။
အမြဲတမ်းချီထားချင်တာ၊ TV ကြည့်လည်း ထွေးထားချင်တယ် ။
စာကျက်လည်းပေါင်ပေါ်တင်ထားချင်တယ် ။
သူကတော့ကျွန်တော်နား သိပ်မလာဘူး ။
သူဗိုက်ဆာတဲ့အချိန်ကျမှ ခြေထောက်ကိုခေါင်းနဲ့လာပွတ်တယ် ။
ကျန်တဲ့အချိန်တွေဆို ဘယ်လိုခေါ်ခေါ် ဘယ်လောက်ခေါ်ခေါ် မလာဘူး ။
အတင်းခေါ်ရင်လူကိုကုတ်တယ် ။
ဒါမှမရရင်ကိုက်ပြီး ထွက်ပြေးတက်တယ် ။
တခြားလူတွေနဲ့ဆိုရင်တော့ ခေါ်စရာတောင်မလိုဘူး ။
ဆော့နေလိုက်တာများ ပြောရက်စရာတောင်မရှိဘူး ။
ကျွန်တော်ကသာကြောင်လေးကိုချစ်နေတာ၊ ကြောင်လေးကတော့ ကျွန်တော့်ကို ......။
ကျွန်တော်မှာခွေးလေးတစ်ကောင်ရှိတယ် ။
အဲဒီခွေးက ၁နှစ်ကျော်ကျော် အညိုရောင်လေး ၊ နာမည်က ..... တဲ့ ။
အဲဒီခွေးကို အမေက အိပ်စောင့်ဖို့ ခွေးမွေးရင်ကောင်းမယ်ဆိုပြီး သူ့အသိမိတ်ဆွေ အိမ်ကခွေးမကြီး သားပေါက်လို့ခေါ်လာတာ ။
ကျွန်တော်ကအဲဒီခွေးလေးကို တအားချစ်တာဗျ ။
အမြဲတမ်း ကျွန်တော်အနားမှာ ရှိစေချင်တာ ။
ဒါပေမယ့်သူကမလာဘူး ကျွန်တော်က သူ့ကို ဘာလုပ်ဘာလုပ်ဆိုပြီး သင်ပေးရင်လည်း လိုက်မလုပ်ဘူး ။
လက်တောင်းရင်လည်းမပေးဘူး ။
ကျွန်တော်အပြင်ကပြန်လာရင်လည်း မကြိုဘူး ။
အိမ်က တခြားလူတွေဆိုရင်တော့ အမြီးတနှံနှံနဲ့ ခုန်ပေါက်နေတာပဲ ။
ခိုင်းတိုင်းလည်းလုပ်တယ် ။
လက်တောင်းလည်း ပေးတယ် ။
အချိန်တန်လို့ အိမ်ပြန်မရောက်သေးရင်တောင် ထွက်မျှော်သေးတယ်ဗျာ ။
ကျွန်တော်ကသာ ခွေးလေးကိုချစ်နေတာ ။
ခွေးလေးကတော့ ကျွန်တော့်ကို..... ။
ကျွန်တော်မှာငှက်လေးတစ်ကောင်ရှိတယ် ။
အဲဒိ ငှက်ကကြက်တူရွေးအမျိုး၊ အဲဒီငှက်လေးကို ကျွန်တော်က ကြက်တူရွေးမွေးချင်တယ်ဆိုပြီး ပလာဇာအောက်က ဆိုင်ကနေ၀ယ်လာတာ ။
နာမည်က .......တဲ့ ။
ငှက်ကလေးကိုကျွန်တော်မတရား ချစ်တာ၊ ငှက်ကလေးကို ကျွန်တော် ပဲသီးကျွေးတယ် ။
ငရုတ်သီးကျွေးတယ် ။
စကားသင်ပေးတယ် ။
စားတော့စားတယ် မပြောဘူး ။
တခြားလူသင်ရင် ပြောတယ် ။
တစ်ရက် ကျွန်တော်သူ့ကို အာလာဒင်ကားထဲက လူဆိုးကြီးလို ပုခုံးပေါ်တင်ထားကြည့်တယ် ကျွန်တော်နားရွက်ကို ဆိတ်ပြီးပျံပြေးကောဗျ ။
မနည်းလိုက်ဖမ်းရတယ် ။
တခြားလူတွေဆိုရင်တော့ အေးဆေးပဲ ။
ကျွန်တော်ကသာ ငှက်ကလေးကိုချစ်နေတာ ။
ငှက်ကလေးကတော့ ကျွန်တော့်ကို ....... ။
ကျွန်တော်တို့ အခန်းထဲမှာ ကောင်မလေးတစ်ယောက် ရှိတယ် ။
မြန်မာ ကောင်မလေးဗျ ။
အသားဖြူဖြူလေး ။
နာမည်က...... ။
ကျွန်တော်အဲဒီကောင်မလေးကို ၂၀၀၆ (၁၀)တန်း D မှာတွေ့ခဲ့တာ ။
ကျွန်တော် အဲဒီ ကောင်မလေးကို ...... ချစ်တယ် ။
ကောင်မလေးကိုစကားပြောတယ် ။
ကောင်မလေးက ပြောချင်သလို မပြောချင်သလိုနဲ့၊
တခြားလူတွေနဲ့ဆိုရင်တော့ ရွှန်းရွှန်းကိုဝေနေတာပဲ ။
သူ့ကိုကျွန်တော်နှစ်သက်တဲ့ ပစ္စည်းလေးတွေပေးတယ် ။
အကုန်စည်ပင်ဆီရောက်တာချည်းပဲ ။
အချိန်ကြာတာနဲ့မကြာတာပဲ ကွာတယ် ။
ကျွန်တော်သူ့ကိုချစ်တယ်လို့ပြောတိုင်း သူကသူငယ်ချင်းပဲလုပ်စမ်းပါကွာ လို့ခပ်ရင့်ရင့် အမြဲ ပြောတယ် ။
ကျွန်တော်ကသာ ကောင်မလေးကိုချစ်နေတာ ။
ကောင်မလေးကတော့ကျွန်တော်ကို ..... ။
တစ်နေ့ ကျွန်တော်ကောင်မလေးနဲ့ အဆင်မပြေဖြစ်ပြီး ကျောင်းကအပြန် လမ်းမှာ အိမ်ရောက်ရင်လည်း ငါ့ကိုမချစ်တဲ့ ငါချစ်သတ္တ၀ါတွေတွေ့ရဦး မယ်ဆိုပြီး စိတ်မသက်မသာနဲ့ ခေါင်းငိုက်စိုက်ပြီးပြန်လာတယ် ။
လျှောက်ရင်းလျှောက်ရင်း တော်တော်လေးကြာမှ သတိရလို့ ခေါင်းထောင်ကြည့်လိုက်တော့ ကွင်းပြင်တစ်ခုထဲ ရောက်နေတာ တွေ့ရတယ် ။
အဲဒီမှာ အိမ်နှစ်လုံးရှိတယ် ။
တစ်လုံးကလေပေါ်မှာမြောက်နေသလိုမျိုး ပြီးတော့ အောက်ခြေမှာ မြူတွေလိုအရာတွေဆိုင်းပြီး ရွှေရောင်တွေလက်နေတယ် ။
နောက်တစ်လုံးက အိုမင်းပြီး ဆွေးမြေ့ နေသလိုဖြစ်နေတယ် ။
ကျွန်တော်လည်း ကျွန်တော်နဲ့နီးတဲ့ အိမ်အိုကြီးထဲဝင်ကြည့်တော့ ၀င်လျှင်ဝင်ချင်းပဲ လူတွေ နတ်ဆိုးလို့ခေါ်တဲ့လူတစ်ယောက်က ကောင်လေးဘာတွေဖြစ်ချင်နေတာတုန်း ဖြစ်ချင်တာတစ်ခုပြောပါ ။
ဒါပေမယ့် အဲဒီဖြစ်ချင်တာက မုန်းတီးမှုနဲ့ပတ်သတ်ရမယ်နော် လို့ပြောတော့ ကျွန်တော်လည်း စိတ်ထဲ ဖြစ်လာတဲ့အတိုင်း ကျွန်တော်ကို ကျွန်တော်ချစ်တဲ့ ကြောင်လေး ခွေးလေး ငှက်လေးနဲ့ ကောင်မလေးတွေကို ကျွန်တော်က သူတို့ကိုချစ်သလောက် ကျွန်တော်က သူတို့ကိုမုန်းအောင် ကူညီပါလို့ပြောတော့ ။
အင်း ကောင်းတယ် ပြည့်စေ ဆိုပြီး ပျောက်သွားရော ။
ကျွန်တော်အဲဒိအိမ်ထွက်လာပြီး နောက်အိမ်တစ်လုံးထဲ ဝင်တယ် ။
အဲဒီမှာကျတော့ နတ်ကောင်း ကထိုင်နေပြီး မင်းခံစားနေရတဲ့စိတ်ဒုက္ခတွေကို ငါနားလည်ပါတယ်ကွာ ။
အဲဒါတွေပြေပျောက်ဖို့ ငါဘယ်လိုကူညီရမလဲ ဆိုပြီးနှစ်သိမ့်တယ် ။
အဲဒီတော့ ကျွန်တော်လည်း ကျွန်တော့်ကို နားလည်ပေးမယ့်သူ ဘယ်သူမှမရှိလောက်ဘူးထင်နေတာဗျာ ဆိုပြီးငိုလည်းငို ပျော်လည်းပျော်ဖြစ်သွားတယ် ။
ပျော်လွန်းလို့ ခုနကတောင်းထားတဲ့ဆုကိုတောင် မေ့သွားတယ် ။
အဲဒါနဲ့ ကျွန်တော် နတ်ကောင်းဆီမှာ ကျွန်တော်ကို ကျွန်တော်ချစ်တဲ့ ကြောင်လေး ခွေးလေး ငှက်လေးနဲ့ ကောင်မလေးတွေက ကျွန်တော်ကို ပြန်ချစ်လာအောင် လုပ်ပေးပါ လို့ပြောတော့ ။
အေး တောင်းတဲ့ဆုပြည့်စေ တဲ့ ။
ကျွန်တော်လဲ အိမ်ထဲက ထွက်လိုက်တော့ ကျွန်တော့်အိမ်ရှေ့နားရောက်နေရော ။
အဲဒါနဲ့ အိမ်ထဲဝင်လိုက်ကော ခွေးကပြေးလာတယ် ။
ပြီးတော့ ကျွန်တော်ပေါ်ခုန်တက်တယ် ။
ကျွန်တော်စိတ်ထဲ ဘယ်လိုခွေးပါလိမ့် ။
သဲတွေပေကုန်တော့မှာပဲ ။
ခွေးသန်းကိုက်ရင် ဒုက္ခ ဆိုပြီး ခပ်သွက်သွက်အိမ်ထဲဝင်လာတယ် ။
အိမ်ထဲရောက်တော့ ကြက်တူရွေးက ပြန်လာပြီလား၊ မောလာလား၊ ရေသောက်မလား လို့ ပြောရင်း ကျွန်တော့ပုခုံးပေါ်လာနားတယ် ။
ပြီးတော့ ကျွန်တော့်နာမည်ကို ထပ်ခါထပ်ခါရွတ်နေတယ် ။
ကျွန်တော်လည်းနားငြီးတာနဲ့ ငှက်ကိုပုခုံးပေါ်က ပုတ်ချပြီးအခန်းထဲဝင်လှဲနေလိုက်တယ် ။
အိပ်ပျော်ခါနီးလဲကျရော ညောင် ဆိုပြီး ကြောင်က ခြေရင်းကနေ တက်လာပြီး လက်မောင်းနားလာလှဲတယ် ။
ကျွန်တော်လည်း ကြောင်မွေးတွေနှာခေါင်းထဲဝင်မှာစိုးတာနဲ့ ဂုတ်ကဆွဲပြီး အပြင်ထုတ် အခန်းတံခါးပိတ်လိုက်တယ် ။
ပြီးတော့ အတော်ရှုပ်တဲ့အကောင်တွေပဲ နောက်နေ့မှပေးပစ်ဦးမယ်ဆိုပြီးတွေးမိတယ် ။
နောက်နေ့မနက် ကျောင်းတက်ရတယ် ။
ကျောင်းလည်းရောက်ကော ကောင်မလေးက ကျွန်တော်ဆီလာပြီး စကားပြောတယ် ။ အဲဒီမှာကျွန်တော်က ..............။ ။
ဟိုးရှေးရှေးတုန်းက ကျွန်တော်မှာ ကောင်လေးတစ်ယောက် ရှိတယ် ။
အဲဒိကောင်လေးက ၁၀တန်းကျောင်းသား ဆိုတော့မနက်ဆိုကျောင်းသွား နေ့လည်ဆိုကျူရှင်တက် ညဆို ၈ နာရီ ၉ နာရီ လောက်မှအိမ်ပြန်လာရတယ် ။
တစ်နေ့သူကျူရှင်က အပြန်ညဘက်မှာလမ်းထိပ်က ဗံဒါပင် အောက်က အုတ်ခုံလေးမှာကောင်မလေး ၁ ယောက် ထိုင်နေတာတွေ့တယ် ။
ကောင်လေးက ဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာတယ် ။
ကောင်မလေးကရုတ်တရက် သူ့ကိုလှမ်းခေါ်လိုက်တော့ ကြောင်ပြီးရပ်သွားတယ် ။
ကောင်လေးကသူ့နားလာပြီး တောင်းပန်တိုးလျိုးတဲ့ အသံနဲ့ငါ့ကိုတစ်ခုလောက် ကူညီပါလားဟာ ။
ငါအရမ်းဗိုက်ဆာနေတယ် တဲ့ ။
ကောင်လေးက ကောင်မလေးကို တစ်ချက်အကဲခတ်ကြည့်တော့ ပုံစံက သန့်သန့်နဲ့ခပ်ချောချောလေး အသက်ကလည်းရွယ် တူလောက်ဆိုတော့ ရှိန်းတိန်းတိန်း ဖြစ်သွားတယ် ။
နောက်တော့မှ တဏှာမပါတဲ့ စိတ်နဲ့ ကူညီလိုက်မယ်လို့ စဉ်းစားပြီး ပိုက်ဆံအိတ် ထဲက ၅၀၀ တန်တစ်ရွက် ကိုထုတ်ပေးလိုက်တယ် ။
ကောင်မလေးကမယူသေးဘဲ ခေါင်းငုံပြီးရပ်နေတော့ ကောင်လေးက ကောင်မလေးရှက်လို့မယူဘူးထင်ပြီး ကောင်မလေးလက်နားထိုးပေးတော့ ကောင်မလေးကငါ့ကိုဝယ်ပေးပါ တဲ့ ။
ဘာလဲဟ ကောင်လေးကြောင်စီစီ ဖြစ်သွားတယ် ။
ပြီးတော့မထူးပါဘူးဆိုပြီး ပေါင်မုန့်နဲ့ အအေး သွားဝယ်တယ် ။
နောက် ကောင်မလေးကိုပေးတယ် ။
ကောင်မလေးအရမ်းဝမ်းသာသွားတယ် ။
ကောင်လေးကို ကျေးဇူးတင်တဲ့ အနေနဲ့တခြားလူတွေလိုဆုတွေမပေးပဲ တစ်ချက်ပြုံးပြလိုက်တယ် ။
ပြီးတော့ အိမ်ပြန်လာတယ် ။
ကောင်လေးအိမ်ရောက်တော့ အဲဒိအကြောင်းပဲတွေးနေရော ။
နောက်နေ့ကျူရှင်ကပြန်လာတော့ ကောင်မလေးမနေ့ကနေရာမှာထိုင်နေတယ် ။
ကောင်လေးကို မြင်တော့ လှမ်းခေါ်တယ် ။
ကောင်လေးက အစက မသိချင်ယောင်ဆောင်သွားဦးမလို့ဘဲ ။
နောက်တော့ ညဘက်ကြီး ကောင်မလေးတစ်ယောက်တည်း ၂ ရက်ဆက်တိုက် ထိုင်နေတော့ ဘာလဲဆိုပြီး စိတ်ဝင်စားတာနဲ့ကောင်မလေး ဘေးဝင်ထိုင်လိုက်တယ် ။
ကောင်လေးက ဘာလဲဗိုက်ဆာလို့လား တဲ့ ။
ကောင်မလေး ဟင့်အင်း စားပြီးပြီ တဲ့ ။
ကောင်လေး ကောင်မလေးကိုကြည့်ပြီး သနားသွားတယ် ။
ပြီးတော့ မိုးချုပ်နေပြီဘာဖြစ်လို့ ၁ယောက်တည်း ထိုင်နေတာလဲ အိမ်မပြန်ဘူလား ။
ဘယ်မှာနေတာလဲ မေးတော့ ကောင်မလေး က အိမ် ဟုတ်လား ။
ဒါ ငါ့အိမ်ပေါ့ ဆိုပြီး ထိုင်နေတဲ့ခုံကိုပုတ်ပြတယ် ။
ကောင်လေးကသူကိုယ်သူ မိတ်ဆက်တယ် သူဘယ်သူပါဘယ်မှာနေပါတယ် ဘာညာပေါ့ ။
ကောင်မလေးကတော့ဘာမှပြန်မပြောဘူး ။
နောက်တစ်နေ့ကျတော့ ကျူရှင်ကပြန်လာပြီး ကောင်မလေးရှိဦးမလားဆိုပြီးသွားကြည့်တော့ရှိဘူး ။
ကောင်လေး က ကောင်မလေး သူ့အိမ်ပြန်သွားတယ် ထင်ပြီးအိမ်ပဲပြန်လာတယ် ။
နောက်တစ်နေ့ကျတော့ ကောင်လေးက ကောင်မလေးကိုတွေ့ရင်လဲကျွေးဖို့ မတွေ့ရင်လည်း ကိုယ်တိုင်စားဖို့ ဆိုပြီးပေါင်မုန့်နဲ့အအေးတွေဝယ်လာတယ် ။
ကံကောင်းထောက်မစွာ ကောင်မလေး သူထိုင်နေကျ နေရာမှာရှိနေတယ် ။
ခေါ်စရာမလိုဘဲ ကောင်လေး ကောင်မလေး ဘေးသွားထိုင်တယ် ။
ပြီးတော့ မနေ့ကနင်မရှိဘူးနော် ဟုတ်လား ဆိုပြီးကောင်မလေးကိုမေးတယ် ။
ကောင်မလေးက ရှိပါတယ် ဘယ်မှမသွားပါဘူး တဲ့ ။
ကောင်လေးက မဟုတ်ပါဘူး နင်မရှိပါဘူး ဒီမှာ ဆိုပြီးစောဒကတက်တော့ ကောင်မလေး ရှိတယ်ဆို နင်မမြင်လို့ပါ ဆိုပြီး ခပ်ဆတ်ဆတ်ဖြေတော့ ကောင်လေးဘာမှဆက်မပြောတော့ပဲမုန့်စားကြကော ။
ဒီလိုနဲ့ ၁ ပတ် ၂ ပတ် ၁ လ ၂ လ ကောင်လေးနဲ့ကောင်မလေးတို့ အရမ်းကာရောကိုခင်မင်နေကြပြီ ။
ကောင်လေးကျူရှင်ကပြန်ရင် ကောင်မလေးနဲ့တွေ့စကားပြော ၊ ကျူရှင်မရှိရင်လည်းအကြောင်းရှာ လမ်းထိပ်ထွက် ကောင်မလေးနဲ့တွေ့ စကားပြော ။
ကြာတော့ ကောင်လေးက ကောင်မလေးကို တစ်ဖတ်သတ်ကြိတ်ခိုက်နေလေ ရဲ့ ။
ကောင်မလေးကောင်လေးနဲ့အကြောင်းကိုမေးတယ် ။
နာမည်တစ်ခွန်း ကလွဲလို့တစ်ခြားဘာမှမသိရဘူး ။
အထူးသဖြင့်......... ။
ဒီနေ့ကောင်လေး ကောင်မလေးကို ချစ်တယ် လို့ဖွင့်ပြောဖို့ကြံစည်ထားတယ် ။
ထုံးစံအတိုင်း ပေါင်မုန့်နဲ့ အအေးတွေ ၀ယ်သွားတယ်။ ကောင်မလေးတော့ထိုင်နေကျနေရာမှာပဲ ။
နင်ငါ့ကိုချစ်တယ် ဟုတ်လား ။
ကောင်မလေးက ကောင်လေးကိုမေးတယ် ။
နင်ကငါ့အကြောင်း ဘယ်လောက်သိလို့လဲ လို့ဆက်မေးလိုက်သေးတယ် ။
ပြီးတော့ ကောင်မလေး ကောင်လေး လက်ကို လှမ်းကိုင် လိုက်ပြီး ငါဘယ်သူလဲသိလို့လားတဲ့ ။
ကောင်လေးလဲသူ့ရင်ထဲမြိုသိပ်ထားတဲ့ ခံစားချက်တွေကိုကောင်မလေးအပေါ် သီချင်းတစ်ပုဒ်အဖြစ် လက်တန်းအန်ချပစ်လိုက်တယ် ။
ကောင်မလေးကတော့ ဘာတစ်ခွန်းမှပြန်မပြောဘူး ။
ဒါနဲ့ပဲ ကောင်လေးလဲ ပေါင်မုန့်သာ ဖိစားပြီးပြန်သွားတယ် ။
ညရောက်တော့ ထုံးစံအတိုင်းပေါ့ ။
နောက်တစ်နေ့ကျတော့ ကောင်လေးကျူရှင်မတက်ရတော့ဘူး ။
ပိတ်သွားပြီ ။
စာမေးပွဲနီးလို့ ကောင်လေးလည်း စာကို အသေအလဲကျက် ကောင်မလေးကိစ္စခဏမေ့သွားတယ် ။
စာမေးပွဲဖြေပြီးတော့ လမ်းထိပ်ကို ရောက်သွားတယ် ။
ကောင်မလေးကထိုင်နေကျ နေရာမှာပဲ ။
ကောင်လေး ကောင်မလေးဘေးဝင်ထိုင်တော့ ကောင်မလေးက နင်တော်တော်အလုပ်မဟုတ်တာပဲလို့ပြောတယ် ။
ငါစာမေးပွဲရှိလို့ပါဟာ လို့အစချီပြီး ကောင်မလေးကိုပြန်ချော့လိုက်တယ် ။
ကောင်မလေး နဲနဲပြုံးလာတာလဲမြင်ကော ငါပြောထားတာဘယ်လိုလဲလို့ အစမရှိအဆုံးမရှိ မေးလိုက်တယ် ။
ကောင်မလေးက ဘာကိုတုန်းဟ တဲ့ ။
ငါနင့်ကိုချစ်နေတာကြာပြီလေဆိုပြီး သူရင်ထဲကခံစားချက်အမှန်တွေကို ဒုတိယအကြိမ် မြွတ်ကြားတယ်။ ပြီးလည်းပြီးသွားရော ကောင်မလေးက အဟိ ဆိုပြီးထရယ်တယ် ။
ကောင်လေးကဘာရယ်တာတုန်းဟ ဆိုတော့ ကောင်မလေးက ဒါတွေအရင်တစ်ခေါက် ကလည်းပြောပြီးသားတွေ မဟုတ်ဘူလား ။
နင်ဒီတော်ကီတွေပဲတက်တာလားဟ ဆိုပြီးနောက်တယ် ။
ကောင်လေးက ငါနင့်အပေါ်မှာထားတဲ့ခံစားချက်က အရင်ကလဲဒီအတိုင်းပဲ အခုလဲဒီအတိုင်းပဲ မို့လို့ အရင်ကအတိုင်းတစ်လုံးမကျန်ပြန်ပြောပြတာပါ နောက်လည်း လမ်းကြုံရင်ဝင်မေးကြည့် ဒီအတိုင်းပဲ ငါပြန်ပြောဦးမှာပဲ လို့ပြန်ပြောတယ် ။
ဒီတော့ကောင်မလေး သက်ပြင်းအရှည်ကြီးချတယ် ။
ဘာမှမပြောဘဲအဝေးကြီးကိုငေးနေပြီး တော်တော်လေးကြာမှ အသံထွက်လာတယ် ။
မနက်ဖြန်နင်လာဖြစ်အောင်လာခဲ့ အဲခါကျရင် ငါနင့်အပေါ်ထားတဲ့ ခံစားချက်ကော နင်အရမ်းသိချင်ပါတယ်ဆိုတဲ့ ငါ့အကြောင်းကိုပြောပြမယ် တဲ့ ။
ကောင်လေးပျော်သွားတယ် ။
အရမ်းပျော်သွားတယ် ။
သူအရမ်းချစ်တဲ့ကောင်မလေးရဲ့ အတ္ထုပ္ပတိ ကိုသိရတော့မှာမို့လို့တဲ့လေ ။
နောက်နေ့ကျတော့ ကောင်လေးပေါင်မုန့်နဲ့အအေး ၀ယ်ပြီးဗံဒါပင်အောက်သွားတယ်။
ကောင်မလေးမရှိဘူး ။
ကောင်လေးက ကောင်မလေးမရောက်သေးဘူးထင်ပြီး စောင့်နေတယ် ။
ခဏကြာတော့ကောင်လေးခေါင်းပေါ်က သစ်ရွက်လှုပ်သံကြားလာရတယ် ။
အိပ်တန်းတက်တဲ့ ငှက်တွေထင် ပြီးဒီအတိုင်းပဲနေလိုက်တယ် ။
ခဏကြာတော့ထပ်ကြားရပြန်တယ် ။
ကောင်လေးက ဘာတုန်းဟဆိုပြီးလှည့်မော့လိုက်တော့ ကောင်မလေးသစ်ပင်ပေါ်က ဖက်ဆင်းလာတာ ဖြစ်နေတယ် ။
ကောင်လေးက ကောင်မလေးသစ်ပင်ပေါ်တက်ဆော့တယ်ထင်ပြီး မကြီးမငယ်နဲ့ သစ်ပင်ပေါ် တက်ဆော့ နေရလား လို့နောက်တယ် ။
ကောင်မလေးကတော့ ဘာမှမပြောဘူးထိုင်ခုံမှာဝင်ထိုင်လိုက်တယ် ။
ပြီးတော့နင်သေချာနားထောင် တဲ့ ။
ငါလည်း နင့်ကို ချစ်ပါတယ် ။
ဒါပေမယ့် နင်နဲ့ငါက လုံး မဖြစ်နိုင်ပါဘူး ။
ငါလည်း နင့်ဘေးမှာတသက်လုံးနေချင်ပါတယ် ။
ဒါပေမယ့်ငါ့ရဲ့တသက်ကပြီးသွားပါပြီ တဲ့ ။
ကောင်လေးအစပိုင်းတုန်းကတော့ ပျော်သွားတယ် နောက်ပြီးကောင်မလေးဘာတွေပြောနေ ပြောချင်နေမှန်း နားမလည်ဘူးဖြစ်နေတယ် ။
ဒါနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောင်မလေးလက်ကိုလှန်းကိုင်လိုက်တယ် ။
အေးစက်နေတာပဲ ။
နင်ဘာကိုဆိုလိုတာလဲ လို့မေးလိုက်တော့ နင်နဲ့ငါက ဘ၀ခြားသွားပါပြီ ။
နင်ကလူ ။
ငါက .....။
ကောင်လေးမတ်တပ်ထရပ်လိုက်တယ် ။
ကောင်မလေးလည်းလိုက်ရပ်တယ် ။
လမ်းမီးအောက်မှာ ကောင်လေး တွေ့သွားတယ် ။
ကောင်မလေးမှာအရိပ်မရှိဘူး ဆိုတာကို ။ ကောင်လေး အိမ်ပြန်ပြေးသွားတယ် ။
ကောင်မလေး ကတော့ထိုင်နေကြနေရာလေးမှာပဲ ငိုနေတယ် ။
ကောင်လေးက သူ့အဖြစ်သူမယုံနိုင်သေးဘူး ဖြစ်နေတယ် ။
ခဏခဏလည်း ဆိတ်ဆွဲကြည့်တယ် ။
တွေးမိတိုင်းလည်း ကြက်သီးထနေတုန်းပဲ ။
၁ ပတ် ၂ ရက်ကြာတော့ ကောင်လေး မနေနိုင်တော့ဘူး ။
ကောင်မလေး ကိုအရမ်းသတိရလာတယ် ။
အရမ်းတွေ့ချင်လာတယ် ။
ဘာလို့လဲဆိုတော့ ကောင်လေးကကောင်မလေးကို မတရားသဖြင့်ကို ချစ်နေလို့ပဲ ။
အဲဒါနဲ့ နောက်နေ့ ကောင်လေး ခပ်လန့်လန့်နဲ့ပဲ လမ်းထိပ်ထွက်လာတယ် ။
ကောင်မလေးက ထုံးစံအတိုင်းပဲ ။
ကောင်လေးကိုလည်း တွေ့ရော ထပြီး နင်ငါ့ဆီလာတယ်ဟုတ်လား ဆိုပြီးဝမ်းသာအားရနဲ့ပြောတယ် ။
ပြီးတော့မျက်ရည်တွေနဲ့ ။
ကောင်လေး လည်းဖြစ်ချင်ရာဖြစ် ဆိုပြီးကောင်မလေးဘေးဝင်ထိုင်တယ် ။
ငါနင့်ကို အရမ်းချစ်တယ်ဟာ နင့်ကိုငါ ဘယ်လိုမှမေ့လို့မရဘူး ဆိုပြီး အရင်ကပြောခဲ့ဘူး တဲ့ သူ့ခံစားချက်တွေကို တစ်လုံးမကျန်ပြန်ဆိုပြတယ် ။
ကောင်မလေးက ငါလည်းဒီလိုပါပဲဟာ နင့်ကိုငါအရမ်းချစ်တယ်သိလား တဲ့ ။
ပြီးတော့ နင်တော်တော် ကတိတည်တဲ့ကောင်ပဲ တဲ့ ။
ကောင်လေးက ဘာကိုဆိုလိုမှန်းသိပြီး ကောင်မလေးကို ငါပြောပြီးသားပဲ ဘယ်တော့မှမပြောင်းလဲပါဘူးလို့ ဆိုပြီးမရဲတရဲလှမ်းဖက်တယ် ။
ကောင်မလေးကလဲ အလိုက်တသိ ကောင်လေးရင်ခွင်ထဲဝင်လိုက်တယ် ။
ကောင်မလေးတစ်ကိုယ်လုံးအေးနေတော့ ကောင်လေး ချမ်းစိမ့်စိမ့် ဖြစ်လာတာပေါ့ ။
အဲဒါကိုကောင်မလေးကရိပ်မိပြီး ချမ်းနေလားဟင် လို့မေးတော့ကောင်လေး နဲနဲ လို့ဖြေတယ် ။
အဲဒီမှာ ကောင်မလေးက ကောင်လေးကို ...... လိုက်တယ် ။
ပြီးတော့ချမ်းတုန်းလားဟင်လို့ ရယ်ကျဲကျဲ နဲ့မေးတယ် ။
ကောင်လေးရင်ခုန်နှုန်းမတရားမြန်လာပြီး ဟင့်အင်း ဆိုတဲ့စကားကိုတောင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားတယ် ။
ကောင်မလေးကအဲဒါကိုကြည့်ပြီး ရယ်လေရဲ့။ ၁၅ မိနစ်လောက်ကြာတော့ ကောင်မလေးက တည်တည်ငြိမ်ငြိမ်အသံနဲ့ နင်ငါ့ကိုချစ်တယ်ဆိုရင် ငါ့အတွက်ဘုရားမှာ ကုသိုလ်လုပ်ပေးပါဟာ ငါဒီဘဝက မြန်မြန်ကျွတ်ချင်တယ်လို့ပြောတယ် ။
ကောင်လေးက ခဏစဉ်းစားပြီး ဒါတော့ sorry ဟာ ငါမလုပ်ပေးနိုင်ဘူး ။
ငါအဲလိုလုပ်လိုက်ရင် နင်နဲ့ငါထာဝရဝေးရမှာ ငါမခွဲနိုင်ဘူး ။
ဖြစ်နိုင်ရင်ငါလဲနင်နဲ့အတူလာနေချင်တယ် တဲ့ ။
နောက်နေ့ကျတော့ ကောင်လေးသူ့သူငယ်ချင်းတွေနဲ့သွားတွေ့တယ် ။
ပြီးတော့နှုတ်ဆက်တယ် ။
ညနေရောက်တော့ သူ့အဖေအမေတွေနဲ့ စကားထိုင်ပြောတယ် ။
ပြီးတော့မကြားတကြား သူ့ကိုခွင့်လွှတ်ပါ လို့ပြောလိုက်တယ် ။
နောက်တော့သူ့ကြောင်လေးနဲ့ ၁၀ မိနစ်လောက်နေ ။
ညရောက်တော့ လမ်းထိပ်ထွက်လာတယ် ။
ကောင်မလေးက ထိုင်နေကျနေရာမှာပဲ ။
ကောင်လေး ဆက်ထွက်လာတယ် ။
လမ်းမပေါ်ရောက်ခါနီးမှာရပ်လိုက်တယ် ။
ကောင်မလေးလှမ်းကြည့်နေတယ် ။
ကားတွေမီးပွိုင့်ကလွှတ်လိုက်လို့ ဒလဟောထွက်လာကြတယ် ။
ကောင်လေးကားလမ်းပေါ်ပြေးတက်သွားတယ် ။
ကောင်မလေး ကတော့စူးစူးဝါးဝါးတစ်ခု ထအော်တယ် ။
ဒါပေမယ့် ............ ။
ကောင်မလေးငိုနေတယ် ။
ထိုင်ခုံမှာထိုင်နေတုန်းပဲ ။
လမ်းမပေါ်မှာတော့ လူတွေ ကားတွေ အော်သံတွေ လူနာတင်ယာဉ်အချက်ပေးသံတွေ ဆူညံနေတာပဲ ။
ကောင်မလေးဘေးကိုအရာတစ်ခုရွေ့လာတယ် ။
ကောင်မလေးမော့ကြည့်လိုက်တော့ ကောင်လေးဖြစ်နေတယ် ။
အခုကောင်လေးလည်း ကောင်မလေး လိုပဲအရိပ်မရှိဘူး ။
ကောင်မလေးအရမ်းပျော်သွားပြီး ကောင်လေးကို လှမ်းဖက်မလို့လုပ်တော့ ကောင်လေးက ငါ့တူမကြည့်ရတာ တော်တော်ချမ်းနေပုံပဲနော် လို့ပြောပြီး ........ ။
အဲဒီညက သူတို့လျှောက်လည်ကြတယ်လေ ။
နောက်တစ်နေ့ညကျတော့ ကောင်လေးနဲ့ကောင်မလေး ထိုင်နေကျနေရာမှာထိုင်ပြီး ဖြတ်သွားတဲ့ ကားတွေကိုရေနေကြတယ် ။
ရုတ်တရက် မြင်းဟီသံကြားလိုက်ရတယ် ။
ပြီးတော့ မြင်းဖြူ ၃ကောင် မြင်းမည်း ၃ကောင် ဆွဲတဲ့ ရထားတစ်စင်းကောင်လေးတို့ရှေ့လာရပ်တယ် ။
အဲဒီပေါ်က နတ်သားလိုလို ငရဲသားလိုလို တစ်ယောက်ဆင်းလာပြီး ကောင်မလေးအနားကပ် ပြီးတစ်ခုခုပြောလိုက်တယ် ။
ကောင်မလေးရုတ်တရက် မျက်နှာဝင်းလက်သွားပြီး ချက်ချင်းအိုကျသွားတယ် ။
ပြီှးတော့ ကောင်မလေးက ခဏလောက်နော်ဆိုပြီး ကောင်လေးနားလာတယ် ။
ပြီးတော့ ငါသွားရတော့မယ် တဲ့ ။
ငါဘာလို့အရင်ဘဝက အကုသိုလ်များများ မလုပ်ခဲ့တာလည်းမသိဘူး ။
လုပ်ခဲ့ရင်နင်နဲ့ အကြာကြီးနေရမှာဆိုပြီး ငိုတယ် ။
ကောင်လေးကိုဖက်ထားတယ် ။
ခဏ ။
ကောင်လေးကတော့ဝမ်းနည်းလွန်းလို့ ဘာပြောရမှန်း မသိတော့အောင် ဖြစ်နေတယ် ။
ကောင်မလေးက နောက်ဆို ငါမရှိလည်း နွေးနွေးထွေးနေနော်ဆိုပြီး ........ ။
မျက်ရည်စက်လက်နဲ့ကောင်မလေး ရထားပေါ် တက်သွားတယ် ။
ကောင်လေးချက်ချင်းပဲ နတ်သားလိုလို ငရဲသားလိုလို လူဆီသွားပြီး ခဏလေးဗျာ ကျွန်တော်ကောဘယ်တော့သွားရမှာလဲ လို့ ကတိုက်ကရိုက်မေးလိုက်တယ် ။
အဲဒီလူကြီး နာမည်ရယ် ၊ .... ဖြစ်တဲ့နေ့ကိုပြောကြည့်စမ်းဆိုပြီး လက်ထဲကပေထုပ် မှာငုံရှာနေတယ် ။
ပြီးတော့ မင်းတော်တော်မိုက်တယ်ကွာ တဲ့ ။
ပြီးတော့ ၄၉၉ ဘဝကျန်သေးတယ် ဆိုပြီး ရထားပေါ်တက်ပြီးမောင်းထွက်သွားတယ် ။
ကောင်လေး အခုကောင်မလေးနေရာမှာဝင်ထိုင်လိုက်တယ် ။
ကောင်မလေးရဲ့ အုံနွေးနွေး အပူငွေ့လေး ကျန်မယ် ထင်တဲ့ နေရာမှာပေါ့ ။
ဒီလိုနဲ့
၁ ပတ် ၂ ပတ်
၁ လ ၂ လ
၁ နှစ် ၂ နှစ်
ကောင်လေး ကောင်မလေးထိုင်နေကျနေရာမှာထိုင်နေတုန်းပဲ ။
ကောင်မလေးပြန်လာလို ပြန်လာငြား မျှော်လင့်ချက်နဲ့ပေါ့ ။ ။