နေကျယ်ဝန်း

သီးခြားခေါင်းစဉ် အောက်က သီးခြားလူ

နယ်လွန်သွားတဲ့ အိပ်မက်

ညတုန်းက အိပ်မက် မက်တယ်
လူတန်းရှည်ကြီးနောက်မှာ တန်းစီ ပြီးလမ်းလျှောက်လို့ ။
နံဘေးမှာလည်း တမန်တော် တွေ ။
ကောင်းကင်မှာ လ ရော နေ ရော အပြိုင် ထွန်းလင်းရင်း ကြယ်တွေ အစုံလင်းလက် နေတယ် ။
တရွေ့ရွေ့နဲ့ လျှောက်လာရင်းမှ အခမ်းအနားတစ်ခု (ဝါ) ပွဲတစ်ခုခု ကို

သွားနေကြတယ် ဆိုတာ သိလာရတယ် ။
ဘာပွဲလည်း ဆိုတာ သိချင်လာတာနဲ့ ဘေးက တမန် တစ်ယောက်ကို မေးကြည့်လိုက်တော့
သူက ဒီနေ့ တရားစီရင်တဲ့နေ့ တဲ့ ။
ကျွန်တော်လည်း ယောင်ပြီး ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိရင်း ရှိန်းခနဲ ကြက်သီးထသွားတယ် ။ တော်တော်လေးကြာတော့ လူတွေလမ်းလျှောက်တာ ရပ်သွားကြတယ် ။
တမန်တော်တချို့ က ခေါင်းပေါ်ကနေ ဘာဖြစ်တာလဲ မသိဘူး ဆိုပြီး အရှေ့ဘက် ကိုပျံသန်းသွားကြတယ် ။
တဖြည်းဖြည်း လူအုပ်ကြီး စကားသံတွေညံ ညံ လာတယ် ။
ဟိုး ရှေ့ဆုံးလူတွေ နောက်ပြန်လှည့်လာတာကိုလည်း မှုန်ပြပြမြင်လာရတယ် ။
ကျွန်တော်လည်း လှည့်ပြန်သင့်တယ်ထင်ပြီး တိတ်တိတ်လေး ပြန်လာလိုက်တယ် ။
နောက်တော့မှ သိလိုက်ရတာက justice lady ရဲ့ ချိန်ခွင် လျှာကျိုးနေတာ တော်တော်ကိုကြာနေပြီ တဲ့ ။


နယ်လွန်သွားတဲ့ အိပ်မက်

ညတုန်းက အိပ်မက် မက်တယ် ။
ပန်းခြံထဲမှာ လူတစ်ယောက် ငိုနေတယ် ။
ကျွန်တော် တွေ့သွားပြီး ဘာဖြစ်လို့ငိုနေတာလဲ မေးကြည့်တော့ သူက သူ သူ့ချစ်သူကို ချစ်လို့ မဝသေးဘူး ။ အချိန်တွေ နည်းလွန်းလို့တဲ့ ။
ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိတယ် ။ ချစ်လို့ မဝဘူးပဲ ဖြစ်ရသေးတယ်ဆိုပြီး ။
ကျွန်တော်ရယ်တာကို ဟိုလူက ဘုကြည့်ကြည့်တယ် ဘာရယ်တာလဲ ပေါ့ ။
မဟုတ်ပါဘူး ဆိုကရေးတီး ပုံပြင်လေး သတိရလို့ရယ်မိတာပါ လို့ဖြေလိုက်တယ် ။
ဟိုလူက ဘာမှမပြောတော့ဘဲ ဆက်ပြီးပဲငိုနေတယ် ။
ကျွန်တော်လည်း ငို မနေနဲ့တော့ မင်းသူ့ကိုချစ်တာ မင်းသိထားတာထက်တောင် တော်တော်ပိုများနေပြီ လို့ပြောလိုက်တော့ သူက မော့ကြည့်ပြီး ကျွန်တော် သူ့ကို ၂၄ နာရီ လုံးလုံး မမေ့မလျော့ချစ်နေ သတိရနေတာ ၂၄ နာရီဆိုတာ ကျွန်တော့် အတွက် အရမ်းနည်းလွန်းတယ်ဗျာ တဲ့ ။
ကျွန်တော်လည်း ဘေးက တုတ်ချောင်းလေးတစ်ချောင်းယူပြီး မြန်မာတွေ တစ်ရက်မှာ နာရီ ၆ဝ ရှိတယ် ဆိုတဲ့ အကြောင်း ၊ သူကောင်မလေးကို စတွေ့တဲ့ ရက်ကနေ စတွက်ကြည့်လိုက်ရင် သူ ချစ်တဲ့အချိန်က သူထင်ထားတာထက် ၂ ဆ ခွဲကျော်လောက် ပိုနေတယ်ဆိုတာကို နာရီနှစ်ခု ခြံစည်းရိုးခွထိုင်ပြီး မလှိမ့်တပတ် မြေကြီးပေါ်ခြစ်တွက်ပြလိုက်တယ် ။
သူလည်း တကယ်ယုံသွားတာပဲလား နားရှုပ်ပဲရှုပ်သွားတာပဲလား မသိဘူး အငိုတိတ် ဇဝေဇဝါဖြစ်နေတုန်း ကျွန်တော်လည်း ထွက်လာလိုက်တယ် ။
အရေးမဟုတ်တာများ အရေးလုပ်လို့ ။
ကျွန်တော် ဟက်ဟက်ပက်ပက်ရယ်လိုက်မိတယ်။ ချစ်လို့ မဝသေးဘူးပဲ ဖြစ်ရသေးတယ် ဆိုပြီး ။

နယ်လွန်သွားတဲ့ အိပ်မက်

ညတုန်းက အိပ်မက် မက်တယ်။
ကျွန်တော် ဘုရားမုဂ်ဦးဝမှာ ငုတ်တုတ်လေးထိုင်လို့ ။
လူတစ်ယောက် ရှေ့ကဖြတ်လျှောက်လာပြီး

ဘုရားမြေထဲမဝင်ခင် မုဂ်ဦးအောက်ရောက်တော့ ဖိနပ်ချွတ်တယ် ။
နောက်တော့ ဖိနပ်လေး လက်ကကိုင်ပြီး အထဲ ဝင်သွားတယ် ။
ကျွန်တော်လည်း ဘာရယ် ညာရယ်တော့ မဟုတ်ဘူး ။
မြေကြီးကို တစ်ချက် ကြည့်လိုက်မိတယ် ။ ဒီလိုပဲ ။
နောက် တော်တော်လေးကြာတော့ အဲဒီလူပြန်ထွက်လာတယ် ။
မုဂ်ဦးကျော်သွားတော့ ဖိနပ်ချစီးပြီး ထွက်လာတယ် ။
အဲဒီလူ တန်ဆောင်းထဲမှာ ဘာတွေ စားလာလဲ မသိပါဘူး ။
ကျွန်တော့် အရှေ့နားရောက်တော့ ချောင်းဆိုးတယ် ။
ခပ်လှမ်းလှမ်းရောက်တော့ ချွဲဟပ်ထုတ်ပြီး မြေကြီးပေါ်ကို ထွီ တဲ့ ။
ကျွန်တော်လည်း ဘာရယ် ညာရယ်တော့ မဟုတ်ဘူး ။
မြေကြီးကိုနောက်တစ်ခေါက် လှမ်းကြည့်လိုက်မိတယ် ။
အဲဒီအခါ မြေကြီးက မင်းတို့လူတွေ အခုတစ်မျိုး တော်ကြာတစ်မျိုး
ဘယ်လိုဟာတွေမှန်းမသိဘူး လို့ သုန်သုန်မှုန်မှုန်အော်ပြောတယ် ။
နောက်တော့ ဘာမဆိုင်ညာမဆိုင် ကျွန်တော့်ကို မြိုချပစ်လိုက်ရော ။

နယ်လွန်သွားတဲ့ အိပ်မက်

ညတုန်းက အိပ်မက် မက်တယ် ။
ကမ်းခြေတစ်ခုမှာ လမ်းလျှောက်နေတုန်း ဂဠုန်လို့ ခေါ်တဲ့ လူနဲ့ငှက် စပ်မွေးထားတဲ့အကောင်တစ်ကောင် ဆားချက်နေတာ တွေ့တယ် ။
အကြံကုန် ဂဠုန်ဆားချက် ဆိုတဲ့ စကားလေး သတိရမိလို့ အသံထွက်ပြီးတောင်ရယ်မိလိုက်သေးတယ် ။
သေသေချာချာကြည့်တော့ အဲဒီကောင်မျက်နှာမှာ အကြံကုန်လို့ စိတ်ပျက်ငြီးငွေ့တဲ့ပုံမပေါ်ပဲ အားတက်သရောကိုချက်နေတာ ။
တစ်ယောက်တည်း ပင်လယ်ရေဆင်းခပ်လိုက် ထင်းခွဲလိုက်နဲ့ လေလေးတစ်ချွန်ချွန်နဲ့ကို လုပ်နေတာဗျ ။
ကျွန်တော်လည်း စိတ်ဝင်စားလာတာနဲ့ အနားသွားမယောင်မလည်နဲ့ သွားမေးကြည့်တော့
နီးတော့နီးစပ်နေပြီဆိုတဲ့ အထာနဲ့ သူချက်နေတာ ပင်လယ်ရေ ၃ ပုံ ၂ ပုံ ကုန်သွားပြီဆိုပြီး သွားကြီးဖြဲပြီးပြောတယ် ။

နောက်တော့ သူ့အလုပ်သူ ဆက်လုပ်နေတာနဲ့ ကျွန်တော်လည်း ဘာမှမနှောက်ယှက်တော့ပါဘူးဆိုပြီး အိမ်ပြန်လာလိုက်တယ် ။
လမ်းမှာ ခါချဉ်တစ်အုပ် သူတို့ဘိုးဘေးတွေ ဇွဲကြီးကြောင်းအချင်းချင်း ကြွားဝါကြရင်း ပေါက်တူးကိုယ်စီထမ်းပြီးလာကြတာနဲ့ ဆုံပြန်တယ် ။
ဘယ်ကပြန်လာတာလဲ လို့ မေးလည်းမမေးချင်တာနဲ့ သူတို့လာတဲ့ဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့
ဟိမဝန္တာတောင် တခြမ်းပဲ့လို့ ။

နယ်လွန်သွားတဲ့ အိပ်မက်

ညတုန်းက အိပ်မက် မက်တယ်။
ဆိပ်ကမ်းတစ်ခုမှာ လူကြီးတစ်ယောက် ခရီးထွက်ဖို့ ဆိုပြီး
သူ့လှေပေါ်ကို လှော်တက်တွေ သယ်တင်နေတယ် ။
ပါးစပ်ကလည်း ဒါက မုတ္တမကွေ့အတွက် ၊ ဒါက ဘဂ်လားပင်လယ်အော်အတွက် ၊ ဒါက မူးချောင်းအတွက် ၊ ဒါက ဧရာဝတီအတွက် ဘာအတွက် ညာအတွက် ဆိုပြီး အမှတ်အသားတွေနဲ့ တင်နေတယ် ။
ပြီးတော့ သူ့တပည့်လိုလို ဘေးက ကောင်လေးကိုလည်း ဘယ်ကွေ့မှာ ဘယ်တက်နဲ့ ဘယ်လိုလှော်ရင် ဘာဖြစ်မယ်ဆိုပြီး အနီးကပ်သင်တန်းပို့ချ နေတယ် ။
ကောင်လေးကလည်း လှော်တက်တွေ ကူသယ်ရင်း ခေါင်းတစ်ညိမ့်ညိမ့်နဲ့ ။
မနက်မိုးလင်းကတည်းက လှော်တက်တွေတင်နေတာ ထမင်းစားချိန်ထိ ပြီးသေးဘူး ။
လှေကလည်းတဖြည်းဖြည်းနဲ့ ယောင်းမ ကုန်ကူးလာတဲ့ ဝါးဖောင်တွေလိုဖြစ်လို့ ။
နောက်ဆုံး အလက်လည်းပြီးရော သူလည်း ခရီးစထွက်မယ် ဆိုပြီး သူ့ကောင်လေးကို နှုတ်ဆက်ပြီး လှေပေါ်တက်သွားတယ် ။
သူမှာတာတွေလည်း မမေ့ဖို့ လိုက်နာကျင့်ကြံဖို့လည်း ထပ်ဆောင်းပြောသေးတယ် ။
အဲလိုနဲ့ စလှော်သွားတာ မလှမ်းမကမ်းလောက်လည်းရောက်တော့ မပြောမဆို နစ်ရော ။



edit post

2 Reply to "နယ်လွန်သွားတဲ့ အိပ်မက်များ"

Unknown on April 23, 2009 at 4:03 PM

ဒီလိုအိပ်မက်မျိုးတွေဆိုရင်တော့ များများမက်လိုက်စမ်းပါ..။ ခံစားချင်လွန်းလို့..။ ရင်ဘတ်ကြီးနဲ့ မဆန့်မပြဲ....။

 

ပီတိ(စိတ်ပညာ) on April 24, 2009 at 3:43 PM

ဟိုကွေ့ဟိုတက်လေး အကြိုက်ဆုံးပဲ။ ရေးတာရော တွေးတာရော ပြောစရာမရှိဘူး။ ပြီးတော့ မြေကြီးချင်းအတူတူ ဘုရားမြေကျ ဖိနပ်ချွတ် တချို့မြေကျ တံတွေးထွေးတဲ့ဟာလည်း ကြိုက်တယ်။ လူတွေထဲမှာလည်း လူချင်းတူတူ တချို့လူကိုကျ ဖင်ထောင်ပြီး ဘုရားထူး တချို့လူကျ လူလို့မှ မသတ်မှတ်ချင်တဲ့သူတွေကို ပြေးမြင်မိတယ်။ ဂဠုန်နဲ့ နာရီခြောက်ဆယ်က ပေးချင်တာ သိပ်မပေါ်ဘူး။ (ပေးချင်လို့ရေးတာလဲ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။)ဒါပေမယ့် တွေးတတ်တဲ့ အာရုံလေးကို သဘောကျမိတယ်။ justice lady ရဲ့ ချိန်ခွင်လျှာကတော့ သက်တမ်းကြာလို့ ကျိုးတာလား။ တစ်စုံတစ်ခု အကြောင်းကြောင့်လား ဒါမှမဟုတ် ဘယ်လိုလူတွေကြောင့်လဲလို့ အတွေးဆန့်မိပါတယ်။ အာရုံလေးတွေ အရမ်း လင်းသစ်ပါတယ်။ အရေးအသားလေး ပိုအားပါမယ်ဆိုရင် ဒီထက်ပိုပြီး ထိထိမိမိနဲ့ ဖတ်တဲ့သူကို လှုတ်ခတ်စေမယ် ရိုက်ခတ်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဆက်တွေးပါ ဆက်ရေးပါ။ အမာခံ ပရိသတ်အဖြစ်ရှိနေပါမယ်။

 

Post a Comment